အမှန်ကို ချစ်ပါ (၁)

Untitled-1

ဌေးလွင်ဦး

နိုင်ငံတစ်ခုကို စည်းလုံးညီညွတ်မှုများနဲ့ အခြေခံပြီး စနစ်တကျ ခိုင်ခိုင်မာမာ တည်ဆောက်လိုတဲ့ နိုင်ငံချစ်သူ တိုင်းဟာ- မိမိနိုင်ငံရဲ့ ဖြစ်တည်လာတဲ့ သမိုင်းကို အတတ်နိုင်ဆုံး အမှန်အတိုင်း သိဘို့၊ လက်ခံဘို့ လိုအပ်ပါ တယ်။ သမိုင်းမှန်ကို သိမှ- ဘယ်ခေတ် ဘယ်ဘုရင်လက်ထက်က ကောင်းတာလုပ်ခဲ့လို့ ငါတို့ တိုင်းပြည်ကြီး တိုးတက်ခဲ့တယ်လို့ အတုယူနိုင်သလို-၊ ဘယ်ခေတ် ဘယ်ဘုရင်လက်ထက်က မကောင်းမှုများနဲ့ အာဏာပြခဲ့လို့ ငါတို့တစ်တွေ ဒုက္ခရောက်ခဲ့ရတယ်- လို့ သင်ခန်းစာယူနိုင်ပြီး- ကောင်းတဲ့ဘက်ကို အတုယူပြီး နိုင်ငံကို တည် ဆောက်လို့ ရနိုင်ပါတယ်။

ကမ္ဘာ့နိုင်ငံတိုင်းမှာ ပြသနာဆိုတာ ရှိနေမြဲ ဖြစ်ပါတယ်။ တစ်ချို့နိုင်ငံတွေမှာ လူမျိုးရေး ပြသနာ၊ တစ်ချို့နိုင်ငံတွေ မှာ ဘာသာရေးပြသနာ၊ တစ်ချို့နိုင်ငံတွေမှာ ဘာသာတူ ဂိုဏ်းကွဲ ပြသနာ၊ တစ်ချို့နိုင်ငံတွေမှာ နိုင်ငံရေး သီအိုရီ ပြသနာနဲ့ တစ်ချို့နိုင်ငံတွေမှာ စီးပွားရေးပြသနာ ဆိုပြီး တည်ရှိနေဆဲပါ။

ဒီအထဲမှာ တိုးတက်တဲ့ပွင့်လင်းတဲ့နိုင်ငံများက စီးပွားရေးပြသနာများသာ ရှိနေပြီး- ကျန် လူမျိုးရေး၊ ဘာသာရေး၊ အယူဝါဒရေးတွေ လွင့်ပျယ်ပပျောက်နေပါပြီ။ ဥပမာအားဖြင့် အမေရိကန်နိုင်ငံ ဆိုပါတော့- သူတို့မှာ စီးပွားရေး ပြသနာပဲ ရှိနေပါတယ်။ စီးပွား ဘယ်လောက်ကျသွားတယ်- အလုပ်လက်မဲ့ ဘယ်လောက်များလာတယ်- ဆို တာမျိုးပါ။ ဒါတွေကို အစိုးရတစ်ရပ်က ဖြေရှင်းတဲ့အခါမှာ အဲ့ဒီ အစိုးရကို ထောက်ခံအားပေးရတဲ့ ပြည်သူတွေက လည်း အားရကျေနပ်ကြပါတယ်။ လူတစ်ဦးချင်းရဲ့ စားဝတ်နေရေးနဲ့ သက်ဆိုင်နေတော့ လူတစ်ဦးချင်းစီက စိတ် ဓါတ်ခိုင်မာစွာနဲ့ ကြိုးစားယူတဲ့ သဘောမျှသာ ဖြစ်နေတယ်။

နိုင်ငံရေးပြသနာကြောင့်- အာဏာရှင်စနစ် ဆိုတာ ပေါ်ပေါက်လာနိုင်သလို၊ လူမျိုးရေး ပြသနာကြောင့် အမျိုးသားရေး ၀ါဒီများ ပေါ်ပေါက်လာလေ့ ရှိပါတယ်။ အဲ့ဒီ ပြသနာကို ရင်ဆိုင်ရတဲ့ နိုင်ငံတိုင်းက အဆိုးဝါးဆုံး သော ပြသနာများကို ကြုံရခြင်း ဖြစ်ပါတယ်။ တနည်းအားဖြင့် ပေါက်ကွဲလုဆဲဆဲ ဗုံးကြီးကို ရင်ခွင်ထဲမှာ ထည့်ထားရသလိုပါပဲ။ ဘယ်သူတစ်ဦးတစ်ယောက်မှ စိတ်ချမ်းသာမှု မရရှိနိုင်ပါ။

လက်ရှိမြန်မာနိုင်ငံက နိုင်ငံရေးပြသနာ၊ အမျိုးသားရေး ပြသနာ၊ ဘာသာရေးပြသနာ၊ စီးပွားရေးပြသနာ အားလုံး ပေါင်းပြီး ကြုံကြိုက်နေရတဲ့ အခြေအနေဖြစ်နေတယ်။ ဒီပြသနာတွေကြောင့် နိုင်ငံရေး အယူသည်းတဲ့ အာဏာရှင်များနဲ့ အာဏာရှင်စိတ်ရှိသူများ၊ အမျိုးသားရေး အယူသည်းတဲ့ လူမျိုးရေးဗိုလ်ကျ အမျိုးသားရေးဝါဒီ များ၊ ဘာသာရေးခွဲခြားတဲ့ ဘာသာရေးမောင်ပိုင်စီး အာဏာရှင်များ၊ ဘယ်သူသေသေ ငတေမာပြီးရော ဆိုတဲ့ မသမာ စီးပွားရေးသမားများ ကြီးစိုးရာ အရပ်ကြီး ဖြစ်နေတယ်။

ဒီအခြေအနေမှာ နိုင်ငံရေး ခေါင်းဆောင်များက သူ့အာဏာအတွက် လူထုကြီးကို နည်းမျိုးစုံနဲ့ လိမ်လည်တယ်။ ဘာသာရေးသမားတွေက အာဏာတည်နေတဲ့ ဘာသာတစ်ခု အတွက် နောက်လိုက်ဒကာများကို ဘာသာခွဲခြား အမုန်းဓါတ်တွေ သွင်းပေးတယ်၊ အမျိုးသားရေးဝါဒီတွေက လူမျိုးရေး သမိုင်းတွေကို လိမ်လည်ပြီး သမိုင်းမှန်ကို ဖုံးဖိဖျောက်ဖျက် လာတယ်၊ စီးပွားရေးသမားတွေက နီးစပ်ရာ အာဏာပိုင်များကို ပေါင်းပြီး တရားသည် မတရာ သည် မရှိ လူထုကို လှည့်စား ပါးပါးလှီးလာတယ်။ ဒါတွေ အားလုံးကို တစ်ကယ် ခံရတာက ပြည်သူများသာ ဖြစ် ပါတယ်။

ပြည်သူများမှာလည်း အာဏာရှင်နဲ့ အမျိုးသားရေးဝါဒီများရဲ့ စနစ်တကျရေးဆွဲ ပြဌာန်းတဲ့ ပညာရေးစနစ် အောက်က ကြီးပြင်းလာရတော့- အဖြူထည် သတ္တတစ်ခုကို ရွှေရည်ငွေရည် စိမ်ထားသလို အရောင်စွဲနေတော့ တယ်။ စာသင်ကျောင်းများ နေရာတိုင်းမှာ တိုးပွားလာလေ- အရောငက်ဆိုးခံရလေ ဖြစ်လာပြီး ဘွဲ့ရ ပညာတတ် လို့ နာမည်ခံလေ- သမိုင်းလိမ်အောက်မှာ ကျင့်သားရ ဒဏ်သေပြီး ခေါက်ရိုးကျိုးလေ ဖြစ်လာပါတယ်။ ဒီလို ဦးနှောက်ဓါတ်စာနဲ့ ကြီးပြင်းလာရသူ များလာတော့- လူများစုကြီးက မှန်မှားမသိ အမျိုးသားရေးဝါဒီတွေ ဖြစ်လာ ပြန်တယ်။-

အာဏာရှင် စနစ်ဆိုးအောက်မှာ ဒဏ်ခံရတာ များလွန်းလို့ အာဏာရှင်ကို မုန်းစိတ်တွေ ဖြစ်လာပေမယ့်- သူတို့ရင်ထဲက အမျိုးသားရေးဝါဒီကြီးက သူတို့ဘ၀ စိုးမိုးပြီး ဖြစ်နေတာကို သူတို့ မသိနိုင်တော့ပါ။ သာမန် လူထုကို မဆိုထားနဲ့ ဆယ်တန်း အောင်ဘွဲ့ရ ဆိုသူတွေတောင်- ရှင်ဂေါတမ ဗုဒ္ဓသည်ပင် မြန်မာနိုင်ငံထဲက မိတ္ထိ လာမြို့နားမှာ မွေးဘွား ပွင့်ပေါ်ခဲ့တယ်လို့ စွဲမှတ်နေသူတွေက ရာနှုန်းများနေပါသေးတယ်။- ကမ္ဘာ့အလယ်မှာ အတော့ကို မျက်နှာပူစရာ ကိစ္စပါ။

ခေတ်စနစ်ပြောင်းလာပြီး ကမ္ဘာ့ဗဟုသတ အတော်အတန် ရှိလာတဲ့ လူတစ်ချို့ကလည်း လူများစုကြီးရဲ့ အကြည်ညိုပျက်မှာ စိုးလို့- မှန်တာမှားတာ ခဏထား ကုလားကိစ္စ လက်ဝင်မနှိုက်နဲ့ ဆိုတဲ့ အများကြိုက် လိုက် လျှော ဆင်ခြင်မှားကို လက်ကိုင်ပြု ၀ါဒီတွေ အဖြစ် အသွင်ပြောင်းလာတာကို တွေ့ရပြန်ပါတယ်။ ပကတိ အမှောင်ကျနေတဲ့ လူထုကြီးကို အမုန်းခံပြီး မီးရှုးတစ်ဆောင် အဖြစ် ပေါ်လာတဲ့ လူသား ဆိုတာ ရှာမတွေ့နိုင် လောက်အောင်ကို ဖြစ်ရတော့တယ်။

တစ်ကယ့် အမှောင်ကျနေတဲ့ လူထုကို မှန်မှန်မှားမှား အလိုလိုက်နေခြင်းဟာလည်း လူထုကို နှက်သတ်တာနဲ့ တူနေပြီလို့ တွေးမိဘို့တော့ လိုပါမယ်။ တိုင်းပြည်နဲ့ လူထုကို တစ်ကယ်စေတနာနဲ့ ချစ်ရိုးမှန်ရင် ငါနေရာ ရဘို့ ဆိုတဲ့ အတ္တကို ပါယ်သတ်ပြီး ဗဟုသုတ ရှိသူတိုင်းက လူထုအတွက် မီးရှုးတန်ဆောင် ဖြစ်သင့်တယ်။

တစ်ဦးနဲ့တစ်ဦး တစ်ဘက်နဲ့တစ်ဘက် အငြိုးအာဃာတများကို ဖယ်ရှားပြီး တိုင်းပြည်ရဲ့ သမိုင်း၊ တိုင်းပြည်ရှိ လူမျိုးအားလုံးရဲ့ သမိုင်းများကို စနစ်တကျ ဖေါ်ထုတ်သင့်တယ်။ ပူးပေါင်းလေ့လာသင့်တယ်။ အနာဂါတ် အတွက် ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။

ဥပမာ- မြန်မာလူမျိုးအများစုကြီးက မိမိတို့ရဲ့ ကိုးကွယ်ပူဇော်ရာ ဘုရားရှင်ဟာ အန္ဒိယ လူမျိုးဖြစ်တယ် ဆိုတာ မေ့လျှော့နေသလို- မိမိတို့ဆီကို ဗုဒ္ဓသာသနာ ရောက်လာရတဲ့ မွန်လူမျိုးတွေရဲ့ ကျေးဇူးကြောင့် ဆိုတာကိုလည်း မေ့ပျောက်နေပါတယ်။ ဒီထက်ပိုဆိုးတာက ပုသိမ်၊ ပဲခူး၊ သံလျှင်၊ ရန်ကုန်က အစ မြန်မာပြည်အောက်ပိုင်း တစ် ခုလုံးက- လက်ရှိ ဗမာ ဆိုသူများဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀၀ က ပကတိ မွန်အစစ်များ ဖြစ်ခဲ့တယ်- ဗမာများက မွန်ဘုရင်များကို စစ်နိုင်ပြီး ဗမာစကား မပြောမနေရ ပြဌာန်းမှုမျိုး (တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝှိက်၍ ဖြစ်စေ ကျင့် သုံးခဲ့ခြင်း) ကြောင့် သူတို့တွေဟာ မွန်စကားပြော ပျောက်ဆုံးသွားပြီး ဗမာစကားပြောတဲ့ လူသားတွေ ဖြစ်လာခဲ့ ရတယ် ဆိုတာများကိုတောင် မသိတော့တဲ့ လူက ၉၀ ရာနှုန်းကျော် ရှိနေပါတယ်။ တစ်ကယ်တော့ ဒီအဖြစ်က မိမိတို့ရဲ့ မိဘဘိုးဘွား မျိုးစဉ်မျိုးဆက် သမိုင်းကို ကျေးဇူးကန်းသလို ဖြစ်နေပါတယ်။ သမိုင်းကို သမိုင်း အဖြစ် သာ တင်ပြခြင်း ဖြစ်ပါတယ်။ မွန်ပြည်ခွဲထွက်ရေးကို အားပေးခြင်း မဟုတ်ပါ။  မွန်စင်စစ် ဗမာအရေခွံဝတ် ထားပြီး ဖြစ်တဲ့ မြန်မာပြည်အောက်ပိုင်း လူထုကလည်း မွန်ခွဲထွက်ရေးကို စိတ်မ၀င်စားတော့ပါ။ (မွန်များ ဗမာ ဖြစ်သွားရခြင်း အကြောင်းကို Mon People လို့ ရိုက်ပြီး Wiki မှာ ဖတ်ကြည့်ပါ။)

သူ့လူမျိုးကို သူချစ်ပြီး ရပ်တည်နေတဲ့ မွန်တွေကိုတော့ ဗမာအစိုးရလက်ထက် အဆက်ဆက်မှာ နားလည်မှု တည်ဆောက်ရေး၊ ဖြူစင်ရိုးသားတဲ့ ပူးပေါင်းနေထိုင်ရေး၊ ပြည်ထောင်စုစိတ် ဖြစ်တည်ရေးကို မဆောင်ရွက်ဘဲ မွန်သောင်းကျန်းသူများလို့ သခိုး ဂျပိုး စာရင်းသွင်းက ၀ါဒဖြန့်မှိုင်းတိုက်ထားပါတယ်။ လူထုကလည်း အဲ့ဒီ အရောင်တင်မှုအောက်မှာ ယုံကြည်မှု ခိုင်မာလာပြီး-၊ တစ်ကယ်လို့ မွန်တွေဟာ သောင်းကျန်းသူတွေ သူခိုး ဂျပိုးတွေ အဖျက်ကောင်တွေ ဖြစ်ခဲ့ရင် ငါတို့ကို အမွေပေးလိုက်တဲ့ ဗုဒ္ဓဘာသာဟာလည်း သူခိုးဂျပိုးတို့ဆီက တစ်ဆင့် ကူးစက်လာတာ- လို့ ဖြစ်နေမယ်။ ဒီတော့ အာဏာရှင်တွေ မှိုင်းတိုက်သလို မွန် လူမျိုးတွေဟာ သူခိုး ဂျပိုး လူမျိုးတွေ မဖြစ်နိုင်ဘူး- ရယ်လို့ ဆင်ခြင်သုံးသပ်နိုင်စွမ်းတောင် မရှိတော့ပါ။

ပကတိ သဘောမှာ လူသားတွေဟာ ရိုးသားမှုကို ကြိုက်ပါတယ်။ အေးချမ်းမှုကို မြတ်နိုးပါတယ်။ စည်းလုံး ညီညွတ်ပြီး တိုးတက်ကောင်းစားရေးကို ခုံမင်ပါတယ်။- အလားတူပဲ ခွဲခြားဆက်ဆံမှုကို မုန်းတီးပါတယ်။ နှိပ် ကွပ်မှုကို နားကျည်းပါတယ်။ သမိုင်းဖျောက်မှုကို ရွံရာစက်ဆုတ်ပါတယ်။

နားကျည်းမှုများမှသည် လက်စားချေမှု- လက်တုံ့ပြန်မှုဘက်ဆီသို့ ဦးတည်သွားနိုင်ပါတယ်။

ဆက်လက် ဖေါ်ပြပါမည်။

ဌေးလွင်ဦး

One thought on “အမှန်ကို ချစ်ပါ (၁)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s