မမြင်ရသောအရှင်အားကိုးကွယ်ခြင်း

optical illusion

ကျွန်တော့ weblog မှာမကြာ ခဏလာရောက်ပြီး ကျွန်တော်တို့ ကိုးကွယ်တဲ့

အလ္လာအရှင်မြတ် ရဲ့ သဘောသဘာဝ ကို မေးမြန်းတဲ့ မိတ်ဆွေများ အတွက်

ဆရာအလ်ဟာ့ဂျ ဦးအေးလွင် ရဲ့ ဟောပြော ပို့ချချက်ကို ဆရာဦးစိုးလွင်ရဲ့ကုရအန့်သုတ

စာမျက်နှာမှ တဆင့် ကူးယူဝေမျှလိုက်ပါတယ်။

ချစ်ခင်စွာ

ကျော်ကျော်ဦး

မမြင်ရသောအရှင်အားကိုးကွယ်ခြင်း (၁)

အလ်ဟာဂ်ျဦးအေးလွင်၏ ဟောကြားချက်မှ

ဒီခေါင်းစဉ်ဟာ အစ္စလာမ်ဘာသာဝင်များအတွက် အလွန်ပဲအရေးကြီးပါတယ်။ သိပ္ပံကမှန်လို့ အစ္စလာမ်မှန်တာပါလို့ ပြောနေတာ မဟုတ်ပါဘူး။ သိပ္ပံဟာအမြဲတစေ မှန်နေမယ်ဆိုရင် အဲ့ဒီအ ဆိုပြုချက်ဟာ သိပ္ပံနည်းမကျဆုံး အဆိုပြုချက်ပါ။ သိပ္ပံကလည်း နောက်ထပ်တွေ့ ဦးမယ်ပြောတယ်။ “There is room for improvement” နောက်ထပ်တွေ့စရာ မရှိဘူးလို့ပြောလာရင် ပြောတဲ့သူဟာ သိပ္ပံနည်းမကျဆုံး ပုဂ်္ဂိုလ်ပဲ။ ဒီလိုအသိပညာမျိုးကို ယာယီမှန်သော အသိပညာ၊ တစ်ခုပေါ်မှာ တစ်ခုမှီပြီးမှန်သော၊ ပညတ်သဘောဆောင်သော ပညာရပ်လို့ခေါ်ပါတယ်။

ဒီပညာတွေကို ဘယ်လိုအသုံးချမလဲ။ အသုံးချတတ်ရင် ကျွန်တော်တို့ အီမာန်ခိုင်မာရေးအတွက် အထောက်အကူ ဖြစ်မယ်။ အသုံးမချတတ်ရင် အဲ့ဒီခေတ်ရဲ့မြောင်းထဲ ကျသွားလိမ့်မယ်။ ပတ်ဝန်းကျင်က ရိုက်ခတ်လာတဲ့ အမေးတွေကို အဖြေပေးဖို့အတွက် ဒီပညာရပ်တွေရဲ့ အကူအညီနဲ့ အပြင်ပန်း ရုပ်လက္ခဏာတွေကို စမ်းစစ်ပြီးတော့ လိုအပ်တဲ့လူကို လိုအပ်သလို အသိပေး ဖို့ ပါ။ (၉၆)ပါးသော ရောဂါအားလုံးကို ဆေးတစ်ခွက်တည်းနဲ့ ကုလို့မရဘူး။

“ဒီန်”ကို“ဒါဝဟ်” လုပ်တဲ့နေရာမှာ ကုရ်အာန်မှာပါရင်ပြီးရော၊ ဟဒီးဆ်မှာပါရင်ပြီးရော ယုံရင်ယုံကြ။ မယုံရင်“ကွဖ်ရေ့ကလမ်” ဆိုလို့မရပါဘူး။ သူတို့ဘာတွေ လိုအပ်နေလဲ၊ လိုတာကိုဖြည့် ပေးပါ။ကျွန်တော်တို့ ပတ်ဝန်းကျင်မှ လူတန်းစားပေါင်းစုံ၊ လူ့အလွှာမျိုးစုံ၊ အသိဉာဏ်ပေါင်းစုံက လူတွေကို“ဒါဝဟ်” လုပ်တော့မယ်ဆိုရင် သူတို့တတွေရဲ့ လိုအပ်ချက်များကို ဖြည့်ဆည်း ပေးရမှာပါ။ ဒါတွေနဲ့ “သက်သေပြကာမှ” (သိပ္ပံဆိုင်ရာ တွေ့ရှိချက်များ) အလ္လာဟ်ရှိတယ်လို့ ပြောနေတာမဟုတ်သလို သိပ္ပံကမှန်ပါတယ်ဆိုမှ ကုရ်အာန်က မှန်တာမဟုတ်ပါဘူး။ နျူးကလီး ယား (Neuclear  Physicals) က ဦးချရတဲ့ သောင်ဟီးဒ်ပါ။ ခေတ်သစ်သိပ္ပံက ဦးချနေရတဲ့ သောင်ဟီးဒ်ပါ။ ဒီပညာရပ်တွေက မတွေ့သေးတဲ့ အမှန်တရားတွေ အများကြီးရှိပါ သေးတယ်။ နောက်ထပ်တွေ့လာဦးမယ့် အမှန်တရားတွေလည်း အများကြီးရှိပါသေးတယ်။

အဲ့ဒီအမှန်တရားတွေ ပေါ်ထွန်းလာပြီဆိုရင် အခုကျွန်တော်တို့က ဒီဇယားတွေ၊ ပုံတွေနဲ့ သက်သေပြထားရင် ဒီတွေ့ရှိချက်က ပြောင်းလဲသွားပြီဆိုပါစို့ဗျာ။ ကျွန်တော်တို့ တရားတွေကိုရော လိုက်ပြီးပြောင်းလိုက်ရမလား။

ဥပမာ-နျူးကလီးယား ရူပဗေဒပညာရပ်နဲ့ အလ္လာဟ်ရှိကြောင်း သက်သေပြမယ်ဆိုရင် လွန်ခဲ့တဲ့နှစ်ငါးဆယ် လောက်ကအက်တမ် (Atom)လို့ခေါ်တဲ့ အမှုန်လေး၊ ဂရိဘာသာစကားနဲ့ (A + Atoms = No to cut) နောက်ထပ် ခွဲစိပ်၍မရဘူးလို့ လူတိုင်းကယုံကြည် ထားကြတယ်။ ဒါပေမယ့် ဒုတိယ ကမ္ဘာစစ်အတွင်းမှာ လက်နက်အပြိုင်အဆိုင် ထုတ်ဖို့ ကြိုးစားကြရင်းက၊ စက်မှု နိုင်ငံကြီးတွေ၊ သူ့ ထက်ငါရှာဖွေလိုက်တော့ သူ့ ထက်သေးငယ်နေတဲ့ အမှုန်ကို တွေ့လာရတယ်။ အက်တမ်ကို ထပ်မံခွဲစိတ်လို့ ရတယ်လို့ တွေ့ ခဲ့ရတယ်။ အကယ်၍များ အစ္စလာမ်ရဲ့ အမှန် တရားကို အဲ့ဒီအက် တမ်သီအိုရီ (Atom Theory) နဲ့ သက်သေပြခဲ့ရင် ခွဲစိတ်လို့  မရပါဘူးဆိုတဲ့ အက်တမ်က ခွဲစိတ်လို့ ရသွားခဲ့ရင် အဲ့ဒီအစ္စလာမ်ကရော ဘာဖြစ်သွားမလဲ စဉ်းစား ကြည့် ပါ။

သိပ္ပံနဲ့သက်သေ ပြတဲ့နေရာမှာ သတိကြီးစွာထားရပါမယ်။ သိပ္ပံရဲ့ ယာယီမှန်ကန်မှုကို အသုံးချတတ်ရပါမယ်။ အဲ့ဒီလို အသုံးမချတတ်ရင်တော့ သိပ္ပံပြောင်းသွားတာနဲ့ အစ္စလာမ်ပါပြောင်း သွားသလားလို့ဖြစ်သွားမယ်။ အသိပညာဆိုတာ အသွင်(၂)မျိုးရှိတယ်။ တစ်နဲ့တစ်ပေါင်းပြီး နှစ်ဖြစ်တာဟာ တစ်ခုပေါ်တစ်ခုမှီပြီး မှန်ရတဲ့အမှန်တရား။ တစ်နာရီနဲ့ တစ်လပေါင်းလို့ ဘယ် တော့မှ“နှစ်” ဖြစ်မလာပါဘူး။ တစ်နဲ့တစ်ပေါင်းခြင်းဟာ နှစ်ဖြစ်ပါတယ်ဆိုရာမှာ အရာတစ်ခုကို မှီပြီးတော့မှ Unit လို့  ခေါ်တဲ့ သတ်မှတ်ထားတဲ့ (ဥပမာ-အချိန်ကို သတ်မှတ်ထား တာဖြစ်စေ Measurement လို့ခေါ်တဲ့ တိုင်းထွာမှုကို သတ်မှတ်ထားတာဖြစ်စေ) အဲ့ဒီအပေါ်မှာ မှီပြီးမှမှန်တဲ့အမှန်တရား။ အဲ့တာကို Relative Truth လို့ခေါ်တယ်။ “သမုတိသစ္စာ” ယာယီမှန်တဲ့ အမှန်တရားမျိုးပါ။ အစ္စလာမ်ဆိုတာက “အလ်ဟတ်(က) Absolute Truth လို့ခေါ်တယ်။ နေရာတိုင်းမှာမှန်တယ်။ ဆော်ဒီအာရေဗီးယားမှာ မှန်သလို၊ မီယာအာကာ သစခန်းမှာ သွားကြည့် ရင်လည်း အစ္စလာမ့်အမှန်တရားက မှန်နေဦးမှာ ပဲ။ “လာမကမ်၊ လာဇမန်” အချိန်နဲ့ နေရာ (Time and Space) ကိုကျော်လွန်ပြီးမှန်တဲ့ အမှန်တရားပါ။

အဲဒီလိုမှန်တဲ့ အလ်ဟတ်(က်) (Absolute Truth) ကို ယာယီမှန်တဲ့ သမုတိသစ္စာ (Relative Truth) နဲ့ သက်သေပြရင် သတိကြီးစွာထားရမယ်။ အဲဒီလိုသတိကြီးစွာ မထားရင် ကျွန်တော် တို့အတွက် အထောက်အကူ မဖြစ်တဲ့အပြင် အန္တရာယ်တောင်မှ ဖြစ်သွားနိုင်ပါတယ်။ ဒီနေ့ဓမ္မန္တရာယ်တွေ ဆိုက်ရောက်နေတာ ဒီအန္တရာယ်တွေကို မမြင်ကြလို့ပဲပေါ့။ အမှန်တရား နှစ်မျိုး ရှိတယ်ဆိုတာ သဘောမပေါက်လို့ပဲပေါ့။ တစ်နှင့်တစ်ပေါင်း နှစ်ရတယ်ဆိုတာ မမှန်ဘူးလို့ ဘယ်သူကပြောလို့ရမလဲ။ အဲဒါ ယာယီသစ္စာ၊ ခေတ္တယာယီအကြောင်း တစ်ခုကိုမှီပြီးမှ မှန်တဲ့သစ္စာ မျိုးကိုခေါ်တာပါ။ သင်္ချာဗေဒ တစ်ခုလုံးဟာလည်း အဲဒီအပေါ်မှာ အခြေပြုပြီး တည်ဆောက်ထားတာပါ။ အဲဒါကိုမမှန်ဘူးလို့ ဇွတ်ငြင်းလို့ မရပါဘူး။ ဒါပေမယ့် သူ့ရဲ့ကန့်သတ်ချက်ကိုတော့ အသိအမှတ်ပြုပြီး သဘောပေါက်ထားရမယ်။

ကျွန်တော်တို့ရဲ့ စွဟာဘာကြီးတွေနဲ့၊ ပေါက်မြောက်အောင်မြင်သွားကြတဲ့ ၀လီသူတော်စင်ကြီးတွေက ဒီကွမ်တမ်ရူပဗေဒ (Quantum Physics) အကြောင်းကို မသိကြပါဘူး။ ဒါပေမယ့် အစ္စလာမ်ကိုတော့ ကျွန်တော်တို့ထက် ပိုပြီးသိပါတယ်။ စာရှုသူများ လက်ခံပါသလားခင်ဗျား။ သာသနာဝင်များထဲက နိုဘယ်လ်ဆုရသွားတဲ့ ပါရဂူတွေရှိတယ်။ ဒီစွဟာဘာ တွေကတော့ သူတို့ထက် အစ္စလာမ်ကို ပိုသိပါတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ သဲကန္တာ ရထဲမှာနေ၊ လှည်းခေတ်၊ လှေခေတ်မှာနေပြီး ဘာစာမှမတတ်တဲ့ စွဟာဘာကြီးတွေ အဲဒီပါမောက္ခ (Professor) ကြီးတွေထက် အစ္စလာမ်အကြောင်း ပို နားလည်ပါတယ်။

“မမြင်ရသောအရှင်အားကိုးကွယ်ခြင်း” ဆိုတာမြင်ရမှ ကိုးကွယ်ခြင်းခံထိုက်ပါသလား ဆိုတာကစပြီး စဉ်းစားပါမယ်။ မြင်တွေ့ရမှအမှန်တရား “Seeing is believing” ဆိုရင် စက္ခုအာရုံဟာ “Sense organ, Sight, Vision” သည် ဘယ်လောက်စိတ်ချရပါသလဲ။ ဒါကို ဆန်းစစ်ဖို့လိုပါတယ်။ လက်တွေ့မှ၊ မျက်တွေ့မှ ယုံတဲ့လူတွေလည်းပဲ ရှိတယ်။ ကျမ်းမြတ်ကုရ်အာန်ကို ဖွင့် လိုက်တာနဲ့ . . . .

ရှင်းလင်းပြတ်သားပါတယ်ဆိုတဲ့ ကုရ်အာန်ဘယ်သူ့အတွက် Guidance  ဖြစ်မလဲ။ “မွတ္တကီ” တွေအတွက်တဲ့။ အဲဒီ “မွတ္တကီ” ဆိုတဲ့ သက္က၀ါတရားထားကြတဲ့ ပုဂ်္ဂိုလ်တို့ဟာ ဘယ်ကဲ့သို့ သော ပုဂ်္ဂိုလ်တွေလဲဆိုတော့ “To believe in the unseen” ရုပ်ခန္ဓာစက္ခုဖြင့် မမြင်ရသောအရာကို အသိဥာဏ်စက္ခုဖြင့် ယုံကြည်တဲ့သူ၊ အဲဒီသူအတွက် ကုရ်အာန်လို့ ပြောထား တာပါ။ သူ့ အတွက် အဲဒီကုရ်အာန်ဟာ ရှင်းနေတယ်လို့ပြောတာပါ။ သက်သေတွေ၊ သာဓကတွေရှိကာမှ ယုံမယ်ဆိုတဲ့ သူတွေအတွက် ဒီကုရ်အာန်ဟာ “ဟုဒလ်” မဖြစ်ဘူး။ လမ်းညွှန် (Guidance) မဖြစ်သေးဘူး။ အဲဒီလူတွေအတွက် (ရှင်းလင်းမှု) မိုဘီးန်လည်း မဖြစ်နိုင်ဘူး။ လူ့အာရုံနှင့် ထိတွေ့စမ်းသပ်လို့ မရတဲ့ အရှိတရားကိုယုံမှ ကုရ်အာန်ဟာ သူတို့အတွက် ရှင်းလင်းသွားမယ်။

အကွယ်မှအမှန်တရားများကို လက်ခံလာနိုင်တဲ့ အဆင့်မရောက်သေးရင်ရှာဦး။ ကုရ်အာန်က ရှာခိုင်းထားတယ်။ အကွယ် (Unseen) ကိုမယုံသေးတဲ့ သူအတွက်ကို ယုံအောင်လို့ ပြထားတာ လေ။ အဲဒီတော့ အာရုံ(Senses) တွေဆိုတာ ကန့်သတ်မှုတွေရှိတယ်။ မြင်မှယုံမယ်ဆိုတဲ့ ယုံကြည်ချက်ရဲ့ အခြေခံတရားဟာ ဘာကြောင့်ဖြစ်လာရတာလဲ။ သမိုင်းနောက်ခံနဲ့ကျွန်တော်ပြော ပြမယ်။ ယုံကြည်မှုရဲ့ နောက်ကြောင်းလေးကို သဘောပေါက်ထားဖို့ လိုမယ်။ ကျွန်တော်စကားတစ်လုံး သုံးထားပါတယ်။ “ကိုးကွယ်ခြင်း” တဲ့။ ဒါကိုရှင်းချင်လို့ သုံးထားတာ။ “ကိုးတယ်” ဆို တာ အားကိုးတယ်။ “ကွယ်တယ်” ဆိုတာ အကာအကွယ်ယူတာ။ အစ္စလာမ်ကပြောတဲ့ သမိုင်းတော့ မဟုတ်ဘူးနော်။ ကိုးကွယ်မှုရဲ့ သမိုင်းအစကို ပြန်ကြည့်ရင် “Comparative Study” ဘာသာပေါင်းစုံကို နှိုင်းယှဉ်ပြီးလေ့လာကြတဲ့ ဘာသာရေးပါရဂူများက လူသားတွေမှာ ကိုးကွယ်မှု ဘယ်လိုစတင်ပြီး ဖြစ်လာတယ်ဆိုတာကို သူတို့ရဲ့ဆင်ခြင်တုံတရားမှာ အခြေခံပြီးသုံး သပ်တဲ့အခါမှာ သမိုင်းဦးခေတ် ကျောက်ခေတ်လူသားတွေဟာ သဘာဝရဲ့ စွမ်းအားတွေကို တွေ့ရတဲ့အခါ သူတို့ဟာတုန်လှုပ်ကြတယ်။ ခြောက်ခြားကြတယ်။ မိမိတို့ ပတ်ဝန်းကျင်မှာ ရှင် သန်ကြီးထွားမျိုးပွားရတဲ့အခါမှာ လိုအပ်ချက်တွေ ရှိလာတယ်။ လိုအပ်ချက်တွေကို အကြောက်တရားအပေါ်မှာ အခြေခံပြီး အဖြေရှာမိကြတယ်။ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ ကျားရဲသတ္တ၀ါ တွေ အဲဒီ Predators and Prey သားကောင်ကို လိုက်ရှာနေသူ၊ မိမိက သားကောင်ဖြစ်လိုက် မုဆိုးဖြစ်လိုက်နဲ့ ဖြစ်စဉ်ကြီးမှာ မိမိထက်အားကောင်းတဲ့ သတ္တ၀ါတွေ၊ သားရဲတိရစ္ဆာန်တွေရဲ့ ရန်ကနေ ကာကွယ်ဖို့ အကာအကွယ်ဆိုတာလည်း လိုလာတယ်။ ရာသီဥတုဘေးဒဏ်များက အကာအကွယ်ဆိုတာလည်း လိုလာမယ်။ တခြားတခြားသော ဘေးအန္တရာယ်ကနေ ကာကွယ် ဖို့ အကာအကွယ်ပေးနိုင်မယ့် အားကိုးလောက်မယ့် အရာကို သူတို့ ရှာလာတယ်။ ကာကွယ် ဖို့လည်းလိုတယ်။ အားကိုးဖို့လည်းလိုတယ်။ အဲဒီတော့ ကိုးကွယ်ရာကို ရှာကြပြီ လေ။

သစ်ပင်ချင်းပွတ်တိုက်ပြီး မီးထွက်လာတော့ ဒီမီးဟာ မှောင်မိုက်မှုကိုလည်း လင်းစေတယ်။ ချမ်းအေးမှုမှလည်း ကာကွယ်ပေးတယ်။ သားရဲတိရစ္ဆာန်တွေရဲ့ အန္တရာယ်မှလည်း ကာကွယ်ပေး နိုင်တယ်။ ရလာတဲ့ အသားငါးတွေ ကိုလည်း ချက်ပြုတ်လို့ရတယ်။ မီးရဲ့ ဂုဏ်သတ်္တိတွေက မနည်းပါလားလို့တွေးမိရင်းက အားကိုးလောက်တဲ့အရာ ဖြစ်တဲ့မီးကို ကိုးကွယ်လာတယ်။ မီးနတ် ကိုးကွယ်မှုပေါ်လာရပါတယ်။ ဒီလိုနဲ့ပဲ သဘာဝရဲ့ စွမ်းအင်တစ်ခုချင်းကို လေနတ်၊ မိုးနတ်၊ တောတွေတောင်တွေ၊ နက္ခတ်တာရာတွေ ဒါတွေအားလုံးကို ကိုးကွယ်ရာ အရှင်အဖြစ်နဲ့လက် ခံ လိုက်ကြတယ်။

ဘာသာပေါင်းစုံကို လေ့လာတဲ့သူတွေသာ ကျမ်းမြတ်ကုရ်အာန်ကို သေချာလေ့လာမိမယ်ဆိုရင် အီဗရာဟီမ် သခင်ကြီးက သဘာဝကိုရှုပြီး ဖြစ်ပြီးပျက်တတ်တဲ့အရာတွေကို ကြည့်ပြီး ကိုး ကွယ်ရာအဖြစ်မှ ပယ်ချခဲ့တယ်ဆိုတာကို တွေ့သွားရင် ဒီမှာတင်ကိစ္စပြတ်ပြီပေါ့။ တမန်တော်အီဗရာဟီမ်ရဲ့ ဖြစ်ရပ်တော်များကို ဒီနေ့ကျွန်တော်တို့ကို စွပ်စွဲနေကြတဲ့ ပုဂ်္ဂိုလ်များ နားရှင်းသွား အောင် ကျမ်းမြတ်ကုရ်အာန်က တိုတိုလေးနဲ့ ရှင်းပြထားတယ်။ တမန်တော်အီဗရာဟီမ်ဟာ သဘာဝကို သေချာစူးစမ်းလေ့လာတယ်။ တမန်တော်အီဗရာဟီမ်က မိမိတို့အမှန်အစစ်ကိုးကွယ် ရာအားထားရာ ဘာလဲဆိုတာ ရှာလိုက်တဲ့အခါမှာ ခေတ္တယာယီအားကိုးရာ ဖြစ်သော်လည်း မမြဲတဲ့သဘောနဲ့ ဆက်စပ်နေတဲ့ အရာအားလုံးကို ပယ်ချခဲ့တယ်။

နေမင်းကြီးက ထွက်လာတယ်။ ပြီးတော့ပျောက်ကွယ်သွားပါတယ်။ လမင်းကြီးလည်း ဖြစ်လိုက်၊တည်လိုက် ပြီးတော့ ပျောက်ပျက်သွားလိုက်ပဲ။ ဖြစ်တည်ပျက်၊ မမြဲတဲ့အနိစ္စ ”ဖွနာ” သဘော မှာပါနေတဲ့အရာတွေကို ဘယ့်နှယ်လုပ် ကိုးကွယ်လို့ဖြစ်မလဲ။ ပယ်ချလိုက်တယ်။ အစ္စလာမ်က ဒါတွေကိုအစောကြီး ကတည်းက ပယ်ပြီးသားပါ။ ဒါပေမယ့် ဒီပုဂ်္ဂိုလ်တွေက ဆက်ယူထား တယ်။ သဘာဝအင်အားစုတွေကို ကိုးကွယ်ရာကနေပြီး တစ်ဆင့်တတ်လာတော့ လူသားများအတွင်းက အသိဉာဏ်ရှိတဲ့၊ အားကောင်းမောင်းသန်သူတွေကို အားကျပြီး၊ အထင်ကြီးပြီး သူ တို့ရဲ့ ဦးစီးနာယကအဖြစ်၊ ခေါင်းဆောင်အဖြစ်တင်တယ်။ တင်ရာကနေပြီး လူသားကိုကိုးကွယ်ရာအဖြစ်နဲ့ ပြုလိုက်ကြတယ်။ သဘာဝနဲ့ လူကိုးကွယ်ရာမှ မမြင်ရတဲ့ နတ်ဒေ၀ါတွေ၊ နတ် ဗြဟ္မာတွေကို ကိုးကွယ်မှုဖြစ်လာတယ်။ ဒါကြောင့် လူသားတို့ရဲ့ ကိုးကွယ်မှုဆိုတာဟာ “အကြောက်တရားကို အခြေခံပြီး မိမိတို့က ဖန်တည်းထားတဲ့ နတ်ဘုရားများကို ပူဇော်ပသရတဲ့ ပူဇော်မှု များဖြစ်တယ်” လို့ ဆန်းစစ်လာခဲ့ကြပါတယ်။

ဒီနတ်ဘုရားတွေရဲ့ အမျက်ကိုပြေစေဖို့အတွက် ပူဇော်ပသမှုတွေလုပ်ရတယ်။ ဒီနတ်ဘုရားတွေရဲ့ အလိုတော်ကျဖို့အတွက် လာဘ်လာဘထိုးတဲ့အနေနဲ့ ပူဇော်မှုတွေ လုပ်ရတယ်။

အမြှောက် တရားနဲ့ အခြောက်တရားပေါ်မှာ အခြေခံနေတဲ့ လွဲမှားသော ကိုးကွယ်မှုသမိုင်းကြီးကို အဲဒီပုဂ်္ဂိုလ်တွေက အဟုတ်အမှန်ဆိုပြီး ကိုးကွယ်ရာ အရှင်ကိုသည်ပင်လျှင် အဲဒီကိုးကွယ်မှုတွေကို အ ခြေပြုပြီးတော့ လူသားများဘက်က ဖန်တီးထားတဲ့ ထာဝရဘုရားဆိုတာ နတ်ဘုရားကြီးတစ်ဆူပဲလို့ ကောက်ချက်ချ ထားကြပါတယ်။ ဒီအတွေးအခေါ်မျိုးတွေ ရိုက်သွင်းနေကြပါတယ်။ ပုံ သဏ္ဍာန်အမျိုးမျိုးနဲ့ ကျွန်တော်တို့ လူငယ်တွေကြားရောက်အောင် ပို့နေပါတယ်။ ပြီးတော့ စကားလုံးဘယ်လို ထည့်လိုက်သလဲဆိုရင် “ဟိုကိုးကွယ်ရာတွေကတော့ မြင်သာတယ်၊ ထင်သာ တယ်။ မီးကို၊ နေကို ကိုးကွယ်သူအတွက် မီးမြင်ရတယ်။ နေမြင်ရတယ်။ လူကိုးကွယ်သူ အတွက်လည်း မြင်နေရတယ်။ ဆုံးသွားသည့်တိုင်အောင် ရုပ်တု၊ ရုပ်ပွားနဲ့ တွေ့နိုင်တယ်။ သူတို့ ရှိခဲ့ ကြောင်းသမိုင်းမှာ အထောက် အထားနဲ့ရှိတယ်။ မင်းတို့ကိုးကွယ်ရာကျတော့ မမြင်ရတော့ပါလား” ဆိုတော့ ဟုတ်သလိုလို ဖြစ်သွားတယ်။

ကျွန်တော်တို့နဲ့က အခြေခံယူဆချက်ကိုက မတူဘူးလို့ ပြောရမှာပါ။ မြင်ရမှကိုးကွယ်ခြင်း ဖြစ်မလားဆိုတာက စပြီးရှင်းရမယ်။ အစ္စလာမ်သာသနာရဲ့ သဘောအရ အဲဒါတွေဟာ လုံးဝ ကိုး ကွယ်ခြင်းခံထိုက်တဲ့ စာရင်းမှာမ၀င်ပါဘူး။ အခုနက ကျွန်တော်အစီရင် ခံခဲ့သလိုပဲ အာဒမ်နဗီနဲ့ မလာအိကာများ ဖြစ်ရပ်ကလေးကို ဆူရာဘကရာမှာ မီးမောင်း ထိုးပြခြင်းအားဖြင့် ကျွန်တော် တို့ ဘာကိုတွေ့သွားသလဲဆိုတော့ တော၊ တောင်၊ နက္ခတ်တာရာ၊ ဂြိုဟ်၊ ပုဂ်္ဂိုလ်၊ သတ္တ၀ါ၊ လူ၊ နတ်၊ ဗြဟ္မာ အဲဒါတွေ အားလုံးထဲမှာ၊ ဖန်ဆင်းခံအားလုံးတို့ထဲမှာ လူသားသည် အမြတ်ဆုံး “အ ရှရဖုလ်မာခ်လူကတ်” မဖြစ်တဲ့အတွက် မိမိကနေ အဲဒီဘ၀ အင်အားစုတွေကို စိုးမိုးချုပ်ကိုင်ပြီး မိမိနှင့်တကွ မိမိပတ်ဝန်းကျင်ကို သာယာအောင်၊ အေးငြိမ်းအောင် လုပ်ရမယ်ဆိုတဲ့ ဒီလူသား ဟာ မိမိရဲ့ လက်အောက်ခံများဖြစ်တဲ့ အဖန်ဆင်းခံ မမြဲတဲ့ “ဖွနာ” သဘောဆောင်တဲ့ ရုပ်၊ နာမ်၊ ဓမ္မသင်္ခါရတို့နဲ့ မကင်းတဲ့ဟာတွေကို ဘယ်လိုလုပ်ပြီး ကိုးကွယ်ရာအဖြစ် သတ်မှတ် လို့ကော ရဦးမှာလဲ။

အစ္စလာမ်ရဲ့ ယုံကြည်ချက်၊ ကိုးကွယ်ခြင်း အစစ်အမှန်ဆိုတာက အဲဒီလိုမမြဲတဲ့ ရုပ်၊ နာမ်၊ ဓမ္မ သင်္ခါရနဲ့ စုဖွဲ့ထားတဲ့ Impermanent လို့ခေါ်တဲ့ ရုပ်ကလပ်တွေ၊ နာမ်ဓာတ်တွေအားလုံးတို့ ဟာ ကိုးကွယ်ခြင်းခံထိုက်တဲ့ စာရင်းထဲမှာ မပါဘူးဆိုတာ ကျွန်တော်တို့ရဲ့ အခြေခံခံယူချက်ပဲ။

First argument ပထမငြင်းချက်ထုတ်ရမှာက ကိုးကွယ်ခြင်းခံထိုက်သော အရာမျိုးသည် မ မြဲတဲ့သဘောနဲ့ လုံးဝကင်းနေရမယ်။ အဲဒီမမြဲတဲ့ သဘောနဲ့က လုံးဝကင်းနေတဲ့ အရာများသည် မျက်စိနဲ့မြင်နိုင်ပါ့မလား။ သိပ္ပံသဘောအရ၊ ရူပဗေဒသဘောအရ ရုပ်ဝတ္ထုများကိုသာ မျက်စိနဲ့ မြင်နိုင်တာ မံသအာရုံခံအင်္ဂါက ရုပ်ဝတ္ထုတစ်ခုကို မြင်တွေ့လိုက်တဲ့ အခါမှာ စက္ခုအာရုံဆိုတာ ဖြစ်သွားတယ်။ စက္ခုအာရုံဟာ မျက်လုံးရဲ့အကြည်ဓာတ်မှာ လာထင်ပါတယ်။ နာဗ်ကြောမှတစ် ဆင့် ဦးနှောက်ကိုပို့တယ်။ ဦးနှောက်ကမှ ဒါဟာဘောလ်ပင် ဖြစ်တယ်။ မြေဖြူဖြစ်တယ်စသည်ဖြင့် ခွဲခြားပြီး ပြန်သတင်းပို့တယ်။ စက္ခုအာရုံကျက်စားနိုင်တာမျိုးက ရုပ်ဝတ္ထု ပစ္စည်းမျိုး ပဲဖြစ် တယ်။

ဆက်ပြီးမေးခွန်းထုတ်ရမှာက ရုပ်ဝတ္ထုပစ္စည်းသည် ကိုးကွယ်ခြင်းခံထိုက်သလား။ မမြင်ရရင်မယုံဘူး။ မမြင်ရရင် ကိုးကွယ်ခြင်းမခံထိုက်ဘူးဆိုရင် မြင်ရသောအရာကကော ကိုးကွယ်ခြင်း ခံ ထိုက်ပါသလားလို့  ထပ်ပြီးမေးခွန်း ထုတ်ကြည့်ရပါမယ်။ ဆန်းစစ်ကြည့်ရအောင်။ မမြင်ရတဲ့အတွက် မကိုးကွယ်ဘူးဆိုရင် မမြင်ရတဲ့အတွက် အရည်အသွေး (Qualification) တစ်ခု လျော့ နည်းနေရင် မြင်ရသောအရာကရော ကိုးကွယ်ခြင်းခံထိုက်တဲ့ အရည်အသွေးနဲ့ ပြည့်စုံနေပါသလား။ သေချာပြန်ဆန်းစစ်ရအောင်နော်။ ဒီလိုဆန်းစစ်လိုက်တဲ့အခါ ရုပ်သဘောသည် သာလျှင် မြင်တွေ့လို့ရတယ်။ ဒီရုပ်သည် ဖြစ်ပျက်အစဉ်လို့ ခေါ်တဲ့ “ဖွနာ” သဘောထဲမှာ ရှိနေတဲ့အတွက် ကိုးကွယ်ခံထိုက်တဲ့ စာရင်းထဲမှာ ပါမှာမဟုတ်တော့ပါဘူး။ ရှင်းပါတယ်။

ရုပ်သဘောနဲ့မတူတဲ့ နာမ်တရားလည်းရှိသေးတယ်။ ဥပမာ-မေတ္တာထားတယ်၊ ကရုဏာထားတယ်၊ ကြေကွဲဝမ်းနည်းတယ်၊ ဒေါသထွက်တယ်ဆိုတဲ့ ခံစားမှုများ Feeling Emotion ဒါဟာ နာမ်တရားပဲ။ ဆရာမကြီး B.A, B.L အောင်ထားတယ်လို့ပြောတယ်။ သက်သေပြပါ။ ဘယ်လိုပြကြမလဲ။ ကင်မရာနဲ့ ရိုက်ထားမလား၊ ပေကြိုးနဲ့ တိုင်းပြရမလား။ မရပါဘူး။ ဒါဟာသူ့အသိ ပညာဆိုတဲ့ နာမ်ပိုင်းဆိုင်ရာ ကိစ္စတစ်ခုဖြစ်တယ်။ ဟိုလူကြီး အကျင့်စာရိတ္တကောင်း ပါတယ်၊ Character သူ့ရဲ့စာရိတ္တဆိုတဲ့ သီလခန်းကို ဆန်းစစ်ပေးပါဆိုရင် ဘယ်လိုမှတ်ကျောက် တင် စစ်ဆေးမလဲ။ ရွှေကိုမှတ်ကျောက်တင်သလိုတင်ပြီး စစ်လို့ရပါ့မလား။ ဒါ မြဲတဲ့သဘော မဟုတ်သေးဘူးနော်။ နာမ်ပိုင်းဆိုင်ရာရဲ့ သဘောတွေကို ပြောနေတာ။ မိခင်က သားသမီးအပေါ်ထား တဲ့ မေတ္တာဆိုတာ အမှန်တရား တစ်ခုမဟုတ်တော့ဘူးလား။

လောကရဲ့သစ္စာတစ်ခု မဟုတ်တော့ဘူးလားခင်ဗျာ။ ဒီနေ့ကျွန်တော်တို့ မိသားစုတွေ ခရီးသွားတယ်၊ လေယာဉ်ပျံပျက်တဲ့ သတင်းကြားရင် စိုးရိမ်တယ်။ အဲဒီစိုးရိမ်မှုကို အနံ့အရသော်လည်း ကောင်း၊အသံအရ သော်လည်းကောင်း၊ မျက်စိအရသော်လည်းကောင်း အာရုံ(၆)ပါးနဲ့ ခံစားကြည့်ချင်ပါတယ် ဆိုလို့ရပါ့မလား။ အာရုံများနဲ့ ကျက်စားလို့ မရတဲ့ အမှန်တရားတွေဆိုတာနာမ် လောကအတွင်းမှာပင်လျှင် အများကြီးပဲရှိနေပါတယ်။ မျက်စိနဲ့ မမြင်ရလို့ ဒီအသိဉာဏ်များ၊ စိတ်ရဲ့ခံစားမှုများကို လက်မခံဘူးဆိုရင်တော့ အဲဒီလူဟာ သိပ်ပြီးအသိဉာဏ်နဲ တဲ့လူပဲဖြစ်မယ်။

ဘာသာအသီးသီးရဲ့ နောက်ဆုံးပန်းတိုင်တို့ဟာ လူ့အာရုံတွေနဲ့ ကျက်စားလို့ရတဲ့ ကိစ္စများမဟုတ်ပါဘူး။ ဥပမာနိဗ္ဗာန်ကို မျက်စိနှင့်မြင်မှ ယုံမယ်ဆိုရင်၊ နိဗ္ဗာန်ရောက်ကြောင်း တရားတွေကို လည်း အဲဒီပန်းတိုင်ကိုထိတွေ့ မြင်ကြည့်ပြီးမှ ကျင့်မယ်ဆိုရင် ယုတိ္တတန်ပါ့မလား။ ကျွန်တော်တို့ မမြင်ရတဲ့အရာကို ဘာလို့ကိုးကွယ်ရတာလဲလို့ မေးနေကြတဲ့သူတွေ သူတို့ဖာသာ သူတို့ အဲဒီမေးခွန်း မေးကြည့်ကြပေါ့။ မမြင်ရတဲ့ အမှန်တရားတွေ အများကြီးရှိသလို မြင်ရတဲ့ အမှားတရားတွေ အများကြီး ရှိပါတယ်။ “တံလျှပ်” ဆိုတာလူရဲ့အမြင်ကို မှားစေတဲ့အရာ ဖြစ်တယ်။ အဟုတ်ရှိ၊ တကယ်ရှိ မြင်နေရပြီ၊ ရေအိုင်ရှိတယ်လို့ ထင်နေရပြီ။ သဲကန္တာရမှာ ဖြစ်စေ၊ ပူပြင်းတဲ့ ရာသီချိန်မှာ ရေအိုင်လို့ထင်ရအောင် မျက်စိအမြင်အာရုံသွေခြင်း ဖြစ်လာတယ်။ ဒါဟာ အ လင်းပြန်ခြင်း နိယာမအရ အမြင်အာရုံလွဲမှားခြင်းသာ ဖြစ်ပါတယ်။ မျက်စိနဲ့ တကယ်မြင်နေရပြီ။ မှန်ပါသလား၊ ဒီနေ့မိုးကောင်းကင်မှာ ရှိနေတဲ့ အပြာရောင်ကြီး မျက်စိနဲ့ တကယ် မြင်နေရပြီ။ မြင်မှယုံ Seeing is believing ဆိုရင် ကျွန်တော်တို့ ကမ္ဘာဂြိုဟ်ရဲ့အပေါ်မှာ အုပ်မိုးထားတဲ့ အပြာရောင်အမိုးကြီး ရှိကိုရှိရမယ်။ မျက်စိနဲ့ မြင်ရမှယုံမယ်၊ မမြင်ရရင် မယုံဘူးဆိုတဲ့ လူတွေ သွားမေး ကြည့်စမ်းပါ။ အာကာသယာဉ်နဲ့ လိုက်ပါသွားကြတဲ့ ပုဂ်္ဂိုလ်တွေ ဒီမိုးကောင်းကင် အပြာကြီးကို ဖောက်ထွင်းသွားကြပါသလား။

မေးကြည့်ကြပါ။ စက္ခုအာရုံမှာ မြင်နေရတဲ့ အမိုးပြာကြီး “အဲဒါအမှန်တရားလား၊ အလင်းရောင်စဉ်ခုနစ်မျိုးထဲမှာ အပြာရောင်ဆိုတဲ့ အလင်းရောင်ကသာလျှင် လေထုရဲ့ သိပ်သည်းခြင်းနဲ့ ညီ မျှတဲ့အတွက် ဒီအရောင်ကို အလင်းယိုင်ခြင်း နိယာမအရ ကျွန်တော်တို့စက္ခုမှာ လာမြင်နေရတာပါ။ မြင်နေရတဲ့ အမှားတရား အမြောက်အများရှိသလို မြင်လို့မရတဲ့ အမှန်တရားတွေလည်း အများကြီးပါ။ ဥပမာ- ရူပဗေဒသဘောအရ လျှပ်စစ် Electricity magnetism ဆိုတာ ရုပ်သဘာဝရဲ့ အခြေခံလို့ အများက သတ်မှတ်ထားကြတဲ့ ကိစ္စဖြစ်ပါတယ်။ အဲဒီလျှပ်စစ်ဆိုတာ မရှိ ဘူး။ မျက်စိနဲ့ မြင်မှယုံမယ်လို့ ပြောကြရင် ဘယ်လိုပြမလဲ။ မျက်စိနဲ့ မမြင်ရသော်လည်း ရှိကြောင်းကို တခြားနည်းလမ်းတွေနဲ့ သက်သေပြလို့ရတယ်။ ဥပမာ – မီးလင်းတယ်၊ ပန်ကာတွေ လည်တယ်။

ကျွန်တော်တို့ ပြောနေတဲ့ အသံကိုချဲ့ပေးတယ်။ ကတ်ဆက်တိတ်ခွေနဲ့ ဖမ်းထားတယ် စသဖြင့် လျှပ်စစ်စွမ်းအင်ကို အသုံးချပြီး လုပ်နေရတာ၊ လျှပ်စစ်ဆိုတာ မျက်စိနဲ့လည်းမမြင်ရဘူး။ နား နဲ့လည်းမကြားရဘူး။ အဲဒါ စမ်းကြည့် ချင်ရင်တော့ တစ်လမ်းပဲရှိတယ်။ လက်တွေ့မှ၊ မျက်တွေ့ မှဆိုတဲ့ လူတွေအတွက် မယုံရင် ကိုင်ကြည့်လိုက်၊ တစ်ခါတည်း သေသွားမယ်။

အလ်ဟဂ်ျ ဦးအေးလွင် ၏ (နွေရာသီမွန်းမံသင်တန်းပို့ချချက်မှ ကောက်နှုတ်တင်ပြသည်။)

မမြင်ရသောအရှင်အားကိုးကွယ်ခြင်း (၂)

အဲဒီတော့ မြင်ရမှယုံမည့် လူတွေအတွက် မမြင်ရတဲ့ အမှန်တရားကြီး ရှိနေသေးတယ်။ အာရုံခြောက်ပါးနဲ့ တချို့ကို ကျက်စားလို့ရတယ်။ တချို့ကို မရဘူး။ မမြင်ရတဲ့ အမှန်တရားများကို လက်ခံအသိအမှတ် ပြုဖို့ဆိုတာက အင်မတန်လိုအပ်ပါတယ်။ ကျွန်တော်တို့ ကိုးကွယ်တဲ့ အလ္လဟ်ဆိုတဲ့ အရှင်ဆိုတာက ရုပ်တွေ၊ နာမ်တွေနဲ့ ဖွဲ့စည်းထားတဲ့ အရှင်မဟုတ်ဘူး။ ရုပ်ပိုင်းဆိုင် ရာဖွဲ့စည်းမှုရှိမှသာလျှင် အရှင်ကို မြင်ရပါလိမ့်မယ်၊ ဒီအရှင်ကို မျက်စိနဲ့ မြင်ရမှ ယုံမယ်ဆိုရင်တော့ ကျွန်တော်တို့က မယုံပါနဲ့လို့ ပြောရပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့အရှင် အလ္လဟ်က အဲ့ဒီလို ရုပ်မျက်စိနဲ့ မြင်နိုင်တဲ့ အနေအထားမျိုးမရှိဘူး။

ဘာလို့လဲဆိုတော့ အရှင်ဟာ မမြဲရာရုပ်တရား၊ နာမ်တရားမှ ကင်းလွတ်တော်မူတဲ့ အရှင်ဖြစ်တာကြောင့် ဖြစ်ပါတယ်။ တစ်ခါ နာမ်တရားဆိုတဲ့ အချက်ကို အီဆာအီ သာသနာနဲ့ ပွင့်ပွင့်လင်း လင်း ဆွေးနွေးကြစတမ်းဆိုရင် ကျွန်တော် အင်္ဂလန်သွားတုန်းက လီဗာပူးတက္ကသိုလ်က ၀ယ်လာတဲ့ စာအုပ်ပါ။ The Miracle of Thesism ဖန်ဆင်းရှင် ဆိုတာရှိကြောင်း မရှိကြောင်းကို သိပ္ပံပညာရှင်တွေနဲ့ သမိုင်းပညာရှင်များ အပြန်အလှန်ဆန်းစစ် ဝေဖန်ရေးသားထားတဲ့ စာအုပ်ပါ။ သူတို့ရဲ့ ဆန်းစစ်ချက်တွေက ဘုရားဆိုတဲ့ပုဂ်္ဂိုလ်ဟာ A person without a body (spirit) ခန္ဓာကိုယ်မရှိသော ပုဂ်္ဂိုလ်လို့ လာတွေ့ရတယ်။ အဲဒါကို Subject matter အဖြစ်ထားပြီး ဆန်းစစ်တဲ့သူများ အတွက် (God is Death) ဘုရားသေပြီလို့ အဖြေရတယ်။ သူတို့ကို ကျွန်တော်သံသယမဖြစ်ဘူး၊ အပြစ်လည်း မတင်ပါဘူး။ ၀ိညာဉ် (spirit) ဆိုတာ နာမ်တရားလေ၊ နာမ်တရားက မမြဲဘူးလို့ ကျွန်တော်တို့ အစ္စလာမ်ကလည်း ပြောထားတာပဲ။ “ဂျစ္စမာနီ၊ ရူဟာနီ” အားလုံးဟာ “ဖွာနာ” ပါ၊ “ဗကာ” ကတော့ အလ္လာဟ် တစ်ပါးတည်းသာလျှင် ဖြစ်ပါတယ်။ ဒါကြောင့်မို့သူတို့က Subject matter  အဖြစ် ဆန်းစစ်တဲ့ အစမ်းသပ်ခံ ဘုရားဆိုတဲ့ ပုဂ်္ဂိုလ်ကို သူတို့ဆန်း စစ်တဲ့အခါ ဘုရားက သေပြီလို့ အဖြေထွက်တာ။

အင်္ဂလန်က “ဘာထရန်ရပ်ဆဲလ်” လို ပညာရှင်ကြီးကတော့ Why I’m not a Christian“ ကျွန်ုပ်ဘာကြောင့် ခရစ်ယာန်မဟုတ်လဲ” ဆိုတဲ့ ကျမ်းထဲမှာ ဘုရားကို ခွဲခြမ်းစိတ်ဖြာလိုက်တဲ့အခါ ပဂ္ဂလိက ဆန်သောဘုရား “Anthropomorphic God” မနုဿသဏ္ဌာန်ဆောင်သောဘုရား၊ အမျက်ဒေါသ ထွက်တတ်သောဘုရား ဆိုတာမျိုး လာတွေ့တယ်။ လူကဲ့သို့ ဖြစ်တတ်သော ဘုရား “Personal God”, Anthropomorphic God  အဲဒီလို ဘုရားကို သူတို့ရဲ့ အတွေးအခေါ်များနဲ့ ဆန်းစစ်ဝေဖန်လိုက်ကြတဲ့အခါ အဲဒီဘုရားကို မြေမြှပ်သင်္ဂြိုဟ် ပစ်ဖို့ပဲ ရှိပါတယ်။ ဒီ နေ့ အေသီအစ်ဇင်း Atheism လို့ခေါ် တဲ့ ဘုရားမဲ့ဝါဒဟာ အဲဒီလို မမြဲရာတွေနှင့် တွဲဖက်နေတဲ့ “ဘုရား”ဆိုတာကို ပယ်တဲ့ဝါဒဖြစ်ပါတယ်။ သူတို့ မိရိုးဖလာအရ အစဉ်အလာအရ လက်ခံယုံ ကြည်ထားတဲ့ အဲဒီကိုးကွယ်ရာကို Subject matter အဖြစ် သုတေသန ပြုပြီးတကယ် ဆန်းစစ်လာတဲ့အခါ အဲဒီလိုချို့တဲ့ မှုအပေါင်း လာတွေ့တယ်။ ဒါကြောင့် ကုရ်အာန်တစ်နေရာမှာ ပါတယ်။ “စွတ်ဘဟာနက ရဗ်ဗေ့က ရဗ်ဗေအစ်ဇ် သေ့အမ္မယစွေ့ဖှုန်း” မင်းတို့ အလ္လာဟ်ကို ဘယ်လိုပုံ သဏ္ဌာန် ဖော်မလဲ၊ အလ္လာဟ်က ဟိုဟာပါ၊ ဒီဟာပါ၊ ဘယ်လိုပဲပြောနေနေ အဲဒါ တွေ နဲ့ကင်းလွတ်တာက အလ္လာဟ်ပါတဲ့ ခင်ဗျား။ “စွတ်ဘဟာနလ္လာဟ်” ဆိုတာ သန့်ရှင်း တယ်လို့ လွယ်လွယ် လေးသွားဖွင့်လို့ မရဘူး။ ရုပ်၊ နာမ်၊ ဓမ္မ၊ သင်္ခါရတို့နဲ့ ကင်းတော်မူသော၊ ချို့တဲ့ မှုအ ပေါင်းမှ ကင်းတော မူသော အိုခြင်း၊ နာခြင်း၊ သေခြင်း၊ ပဋိသန္ဓေနေခြင်း ကင်းတော်မူတဲ့ ဇာတိဇရာ၊ ဗျာတိမရဏတို့နှင့် ကင်းတော်မူသော အရှင်မြတ်ကိုသာ ဒီပုဂ်္ဂိုလ်တွေ အနေနဲ့ ဆန်းစစ် ခွင့်ရသွားရင် . . . .

အင်္ဂလိပ်စာပေ Shakespeare literature နဲ့ ပါရဂူဘွဲ့ (Doctorate) ရသွားတဲ့ အင်္ဂလိပ်လူမျိုး ဒေါက်တာမာတင်လင်း(Dr. Martin Ling) ဆိုတဲ့ပုဂိ္ဂုလ်က The knowledge of God ကို ရေးခဲ့ပါတယ်။ သူကအစ္စလာမ် သာသနာကို ယုံကြည်လက်ခံပြီး ဆူဖီတွရီကဟ်တစ်ခုမှာ မူရီးဒ်ဘိုင်အတ်ယူတယ်။ မော်ရိုကိုနိုင်ငံက ရှိတ်ခ်အာလာဝီဆိုတဲ့ သူတော်စင်ကြီးထံမှာ တပည့်ခံ ပြီး The Knowledge of God ကိုရေးခဲ့ပါတယ်။

ဒီစာအုပ်ထဲမှာ အစ္စလာမ့်အထက်တန်း တရားကို မြည်းစမ်းမိသွားပြီဖြစ်တဲ့ “မာတင်လင်း” က သူ့နိုင်ငံက ဘာသာရေးသမားများ ပုံဖော်ထားတဲ့ ဘုရားဆိုတာကို ယခုလို ဝေဖန်ခဲ့ပါတယ်။ “မင်းတို့သိတဲ့ ဘုရားဟာမင်းတို့ ဖန်ဆင်းတဲ့ဘုရား။ မင်းတို့က ဘုရားဟာ ဘယ်လိုပုံစံရှိရမယ်။ ဘယ်လိုဖြစ်ရမယ်ဆိုပြီး ပုံဖော်ပြတော့ဘုရားမဲ့ ၀ါဒီတွေက ဆန်းစစ်အဖြေထုတ် လိုက်တဲ့အခါ မှာ အဲဒီဘုရား ရေမျောသွားရတာပေါ့။ ဒါပေမယ်စကြ၀ဠာအနန္တလူသားအပါအ၀င်အားလုံးကို ဖန်ဆင်းတော်မူတဲ့ အရှင်ဆိုတာရှိတယ်။ အဲဒီအရှင်ကို သိအောင်လုပ်ဖို့လိုတယ်။ “မအ်ရေဖွ သေ့အေလာဟီ” အဲဒီအရှင် အလ္လာဟ်အရှင်မြတ်ကိုသိမှ အဲဒီအလ္လာဟ်ရဲ့ လမ်းညွှန်အတိုင်း လိုက်နာနိုင်မယ်” တဲ့။

ကျွန်တော်တို့ “အာရှတိုက်ဖက်က” ခရစ်ယာန်၊ အစ္စလာမ်တို့မပါဘဲ နောက်ထပ်အယူဝါဒဖက်ကနေ ကျွန်တော်တို့ရဲ့အရှင်ကို သူတို့ရဲ့အတွေးအခေါ်များနဲ့ ဆန်းစစ်ကြတဲ့အခါကျတော့ သူတို့ နားလည်နိုင်မယ့် စကားနဲ့ပြောမှ ကျွန်တော်တို့ရဲ့ အရှင်ဘာလဲဆိုတာ သူတို့သိမှာ။ သူတို့တတွေ သဘောပေါက်အောင် သူတို့စကားနဲ့ပြောမှ တို့အရှင်ဟာ မင်းတို့ထင်သလို ဗြဟ္မာကြီး မ ဟုတ်ဘူး။ နတ်ဘုရားကြီးမဟုတ်ဘူး။ ကျွန်တော်တို့သည် အတ္တ၀ါဒီ၊ ဗြဟ္မဏ၀ါဒီတွေ မဟုတ်ဘူး။ ဒါကို ရှင်းပြ နိုင်ရပါမယ်။

အဆင့်မြင့်ဆုံးဉာဏ်စဉ်ကို ချီးမြှင့်ခြင်းခံရတဲ့ “သဗ္ဗ” အလုံးစုံသော တရားကို ဆရာမကူတဲ့ သယမ္ဘူဉာဏ်အားဖြင့် ထိုးထွင်းသိမြင်သော အမြင့်ဆုံးဉာဏ်စဉ်ကို ချီးမြှင့်ခြင်းခံရသော “မနုဿ ဘုရား”ကို “ရစူလ်”လို့ကျွန်တော်တို့က သတ်မှတ်တယ်။ လေးစားရမယ်၊ ကြည်ညိုရမယ်၊ ကိုးကွယ်ရမှာမဟုတ်ဘူး၊ အဲဒီပုဂ်္ဂိုလ်ရဲ့သမိုင်းရှိတယ်။ ကိုးကွယ်မိမှာစိုးလို့ ရုပ်ပုံဖော်မထားဘူး ဒါပေမယ့် စာပန်းချီနဲ့ ပုံဖော်ထားတာတွေရှိတယ်။ ကိုယ်တော်မြတ်အရပ် ဘယ်လောက်ရှိတယ်၊ မုတ်ဆိတ်တော် ဘယ်လောက်နဲ့ ဆံတော်ဘယ်လောက်ဖြူသွားတယ် ဆိုတာတောင်ပါ သေး တယ်။ မြင်ချင်တယ်ဆိုပြီး ရုပ်ပုံဖော်ထားရင် ကိုးကွယ်မိမှာစိုးလို့ ကိုယ်တော်မြတ်က လုံးဝတားထားတယ်။ အေဒီ ၅၇၁ တမန်တော်ပွင့်ချိန် ပန်းချီ၊ပန်းပုပညာတွေ အင်မတန်တိုးတက် နေပါ ပြီ။ မှတ်တမ်းရုပ်ပုံ တင်မယ်ဆိုရင် ကောင်းကောင်းတင်ထားနိုင်တယ်။

ဒါပေမယ့် အဲဒီသာသနာရဲ့ ဦးသျှောင်မဟာလူသား မြတ်တမန်များကို ကိုးကွယ်ရာအဖြစ် မှတ်ယူမှာစိုးလို့ ၊ သူရဲ့ နောင်တော်နဗီများကို သူတို့နောက်လိုက်များက ကိုးကွယ်ရာအရှင် အဖြစ် သတ်မှတ်ခဲ့တာမျိုး ဖြစ်မှာစိုးတဲ့အတွက် တားထားခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ဘယ်နဗီတမန်တော်ကိုမှ ခွဲခြားခြင်းမရှိဘဲ လက်ခံရမယ်။ ဂါရ၀တရားထားရမယ်။ သို့သော် ကိုးကွယ်ခြင်း မ ပြုထိုက်ပါဘူး။ ကိုးကွယ်ခြင်း ခံထိုက်တော် မူသောအရှင်က ရုပ်၊ နာမ်၊ ဓမ္မ သင်္ခါရ ကင်းစင်ရလိမ့်မယ်။ ကိုးကွယ်ခြင်း ခံထိုက်တော်မူသော အရှင်ကိုရှာကြည့် ကြစို့လား။

၁၉၉၆ခု၊အင်္ဂလန်မှာ ကျွန်တော်စိတ်ဝင်စားတဲ့ စိတ်ဝိညာဉ်ဆိုင်ရာ ဟောပြောပို့ချပွဲ (Lecture)များကို သတင်းစာမှာ ကြော်ငြာတွေ့တော့ လိပ်စာရှင်နဲ့ ဖုန်းလှမ်းဆက်ပြီး ဆက်သွယ် တယ်။ အဲဒီပုဂ်္ဂိုလ်ရဲ့ နာမည်က ဂျာဇ်ရဆူလ် (Jass Rasul) တဲ့။ နာမည်လေးက အတော်လှတယ်။ သူနဲ့ တွေ့ဖို့ချိန်းပြီး အဲဒီနေ့ပဲ သွားတွေ့ပါတယ်။ သူတို့ဆီမှာ အခေါ်တစ်ခုရှိပါတယ်။ “Secular Muslim” လို့ခေါ်တယ်။ မိရိုးဖလာ မွတ်စလင်မ်တော့မှန်ရဲ့။ ဒါပေမဲ့ မွတ်စလင်အဖြစ် လက်ခံမကျင့်သုံး တော့ဘူး။

သူဟာ အိန်္ဒိယနိုင်ငံ၊ ကတ်ရှမီးရ်မှာ မွေးတယ်။ (၇) နှစ်သားက အင်္ဂလန်ရောက်ပြီး နက္ခတ္တရူပဗေဒ “Secular Muslim” အဏုဇီဝဗေဒ (Microbiology) ကွန်ပျူတာစတဲ့ ပညာရပ်တွေကို လေ့လာတယ်။ ဘာသာရပ် တိုင်းမှာ ပါရဂူမြောက်ခဲ့တယ်။ Astrophysics  လို့ခေါ်တဲ့ ရူပဗေဒနဲ့ အာကာသဗေဒကို ပေါင်းစပ်ထားတဲ့ ပညာရပ်များကို အထူးပြုလေ့လာခဲ့ပါ တယ်။ သူဆီက ဘာထွက်လာသလဲဆိုရင် သူ့ကိုသူ မွတ်စလင်မ်လို့တော့ မပြောသေးဘူး။ စလာမ်ကိုတော့ ဂျဝါးဗ်ပြန်ပြီ။

ဆွေးနွေးတဲ့အခါမှာ “ဘုရားဆိုတာမရှိဘူး၊ စကြ၀ဠာကို ဖန်ဆင်းအုပ်ချုပ်တော်မူသော အရှင်ဆိုတာ မရှိဘူးလို့ စွဲစွဲမြဲမြဲယုံကြည် ရင်းကနေ သိပ္ပံပညာတွေကို သင်ရင်းသင်ရင်း လေ့လာရင်း ကနေ စကြ၀ဠာဟာ ပရမ်းပတာ သူ့အတိုင်းဖြစ်ချင်တာ ဖြစ်နေတာမဟုတ်ဘူး။ သူ့ကိုဖြစ်ပေါ်ထင်ရှား စေတဲ့စွမ်းအား Force ဆိုတာ တော့ရှိတယ်။ စကြ၀ဠာကြီးကို ဖြစ်ပေါ်ထင်ရှားစေပြီး တည်တန့်အောင် ထိန်းသိမ်းစောင့်ရှောက်နေတယ်။ အဲဒီ Forceကနေပဲ စကြ၀ဠာကို ချုပ်ငြိမ်းရုပ်သိမ်း သွားပေးလိမ့်မယ်”ဆိုတာကို သူပီပီပြင်ပြင် လက်ခံသွားပြီး သူစာအုပ်တစ်အုပ် ထုတ် လိုက်တယ်။ စိတ်ပိုင်းဆိုင်ရာ ကုထုံးများနဲ့ဆိုင်တဲ့ စာအုပ်ပါ။

ရုပ်ပိုင်းဆိုင်ရာ၊ ရုပ်သဘာဝကို အထူးပြုလေ့လာတဲ့ သိပ္ပံပညာဟာ အသေးစိတ်သေသေချာချာ လေ့လာလိုက်တော့ အဆုံးသတ်မှာ Spirituality လို့ခေါ်တဲ့ နာမ်ပိုင်းကိုလာပြီး ဆိုက်ရပါ တယ်။ မမြင်ရတဲ့ အမှန်တရား တွေအကြောင်း ကောင်းကောင်းသိသွားပြီ၊ Sub-atomic particle လို့ခေါ်တဲ့ အနုမြူအောက် အမှုန်ကလေး တွေတကယ်ရှိ အဟုတ်ရှိနေတာ၊ တချို့ဆိုရင် ရုပ်လို့ပြောရမလား၊ နာမ်လို့ပြောရမလားတောင်မှ မသိတဲ့ ပရမာအနုမြူမှုန်လေးတွေဗျ။ ဒါတွေကို အသိအမှတ်မပြုဘဲ ရူပဗေဒတို့ သင်္ချာတို့လို အဆင့်မြင့်တွက်ကိန်းတွေ တွက်လို့မရဘူး။

အဲဒီအမှုန်လေးများအကြောင်းပြု၍ နာမ်ဓာတ်သည် ရုပ်တရားပေါ်မှာ လွှမ်းမိုးနေတယ်ဆိုတာ ကြည့်ပြီးတော့ အခြေခံကို ပြန်လည်ဆန်းစစ်လိုက်တဲ့ အခါကျတော့ အခြေခံက လျှပ်စစ်ရယ်၊ သံလိုက်ဓာတ်ရယ်ဆိုတာ ဟိုးရောမတွေ ခေါမတွေခေတ်ကတည်းက တွေ့လာတာ။ လျှပ်စစ်နဲ့သံလိုက် အဲဒီနှစ်ခုဟာ ပေါင်းပြီးတော့ Electromagnetic လျှပ်စစ်သံလိုက်ဆိုပြီးတော့ တွေ့ လာတာ။ သူ့ရဲ့ အနုမြူမှုန်များရဲ့ ဆွဲအားပေါ်မှာ မူတည်ပြီးတော့ အားကောင်းတဲ့ ဆွဲအားနဲ့ အားပျော့တဲ့ ဆွဲအားနှစ်မျိုးကို တွေ့လာတယ်။ ဒုတိယကမ္ဘာစစ် နောက်ပိုင်း အဲလ်ဘတ်အိုင်းစ တိုင်းရဲ့Weak and strong ဆိုတဲ့ electro particles လေးများရဲ့ သဘောကို တွေ့ ပြီး (၁၉၅၀) ပြည့်ရောက်ကာမှ Weak ရယ် Strong ရယ်ဆိုတဲ့ အမှုန်လေးများဟာ စုပေါင်းပြီးတော့ Grand Unifed ဆိုတဲ့ တစ်ခုတည်းသော စွမ်းအင် ဖြစ်တယ်ဆိုတာ သိလာကြတယ်။ (၁၉၆၀)ကျော် (၇၀)တွင်းရောက်ကာမှ အဲဒါတွေဟာ တစ်ခုတည်းအနေနဲ့ သီးသန့်မမှန် နိုင်ဘူး။ Gravity ဆိုတဲ့ ကမ္ဘာမြေဆွဲအားနဲ့ ပေါင်းစပ်မှ (unification of forces of nature into one force) ဒီစကြ၀ဠာကြီး ရုပ်ကလာပ်၊ နာမ်ဓာတ် တွေအားလုံးကို တည်တန့်နေအောင် စွဲမြဲနေအောင် ထိန်းသိမ်းထားတဲ့ တစ်ခုတည်းသော အားရှိတယ်။ အဲဒါ တောင်ဟီးဒ်ရဲ့ နိမိတ်လက္ခဏာတော်တွေပဲ။ အလ္လာဟ်အရှင်မြတ်ရဲ့ “ကွဒ်ရတ်” တော်တစ်ခုတည်းကို ပြထားတာ လို့ သုံးထားတယ်။

တန်ခိုးဆိုတာ ကျင့်ပြီးမှရတဲ့ အရာ၊ သမထကျင့်ပြီးမှ တန်ခိုးဖြစ်တယ်။ “ကွဒ်ရတ်” ကို ဗမာလို တန်ခိုးလို့ပြောတော့ ဟိုကမေးတယ်။ ခင်ဗျားတို့ အလ္လာဟ်က ဘာတရားကျင့်တာလဲ၊ တန်ခိုး ရအောင်လေတဲ့။ တန်ခိုးဆိုတာ အကျိုးတရား၊ အကြောင်းကို အခြေခံပြီးမှ ဖြစ်ပေါ်လာတဲ့ Effect မှန်းကျွန်တော်တို့ထဲက လူတွေမသိလေတော့ အလ္လာဟ်ကို တန်ခိုးရှင်ပါ လို့သုံး နေကြ ပြီး မှ တစ်ဖက်ကနေ အလ္လာဟ်ဟာ ဘာတရားကျင့်လဲလို့ မေးလာတော့ စိတ်ဆိုးနေမှာလား။ ကိုယ်ကအစာတွေပေးထားတာ။ ကိုယ့်ရဲ့အလင်းပြကျမ်း ဘာသာပြန်ချက်တွေနဲ့ ကိုယ့်ကို ပြန်အ တိုက်ခံနေရတာ။ အခုလည်း ထွက်နေသေးတယ်။ စာအုပ်တွေရော၊ တိတ်ခွေတွေရော ကိုယ့်ဘက်ကရေးထားတဲ့ စာအုပ်တွေကို စာကြောင်းရေနဲ့ ညွှန်းပြီး တိုက်နေတာ။ ဘယ်လိုအဖြေပေး မလဲ။ ဝေါဟာရ၊ အဓိပ္ပာယ်ရဲ့ ဖွင့်ဆိုချက်၊ ဝေါဟာရအသုံးအနှုန်း choice of word  အတွက် ကျွန်တော်တို့သာသနာဟာ အဝေဖန်ခံနေရတာ။ Force စွမ်းအင် လို့ပြောလိုက်ရင် တစ်ခါ တည်းကိစ္စပြတ်တယ်။ စကြ၀ဠာ အနန္တမှာ စွမ်းအင်ဆိုတာ ရှိတယ်။ စွမ်းအင်ကို မင်းမယုံဘူးလားလို့ မေးရင် ကိစ္စပြတ်တယ်။

သဘာဝမှာရှိတဲ့ စွမ်းအင်အားလုံးတို့ဟာ တစ်ခုတည်းသော စုပေါင်းညီညာသော စွမ်းအင်ကြီးတစ်ခုတည်းမှ ဖြစ်ပေါ်လာတာ။ ဒီစွမ်းအင်ကြီးတစ်ခုတည်းကသာ စကြ၀ဠာကြီးတစ်ခုလုံးကို စတင်ဖြစ်ပေါ်လာစေပြီးတော့ တည်တံ့အောင် ခိုင်မြဲအောင်ထိန်းချုပ်ပြီးနောက် ချုပ်ငြိမ်းရုပ်သိမ်းစေမှလည်း ဒီစွမ်းအင်ကြီးကြောင့်ပဲလို့ ဒီလို ကောက်ချက်ကို တွေ့ပြီးတဲ့ အခါမှာ “ဂျာဇ်ရ ဆူလ်” လို မိရိုးဖလာဘာသာကို စွန့်ပြီး သိပ္ပံနောက်လိုက်ရင်း နာမ်တရားရဲ့ ထူးခြားမှုတွေကိုတွေ့ ပြီး “သောင်ဟီးဒ်” ကို သူလက်ခံလာတဲ့ ပညာတတ်တွေ ပေါ်ထွက်လာတယ်။ သူဟာမ ယုံဘူးဆိုရင် လုံးဝမယုံတဲ့၊ ပြတ်သားတဲ့ လူငယ်တစ်ယောက်၊ ကျွန်တော့် ဆလံကို လက်ခံတယ်ဆိုတာ အားနာပါးနာနဲ့ ၀တ်ကျေဝတ်ကုန် လောကွတ်ချော်ပြီး လုပ်တာမဟုတ်ဘူး။ စိတ်ထဲ မှာ အမှန်တကယ်လက်ခံပြီး လုပ်တာ။ သူဒီအပေါ်မှာ ယုံကြည်လာပြီး အစ္စလာမ်ကို စွဲစွဲမြဲမြဲလေ့လာဖို့ သူလက်ခံလာပြီ။

“ဒီးန်” ကို “ဒါဝဟ်”လုပ်တဲ့နေရာမှာ “သာသနာက သွေဖည်သွားတဲ့ ခေတ်ပညာတတ် လူငယ်တစ်ယောက်သည် သာသနာအတွင်းပြန်ရောက်၍ “သောင်ဟီးဒ်” ကို လက်ခံသော အဖြစ်ကို Neuclear Physics လေ့လာမှုက စတင်ခဲ့ကြောင်း သိထားအပ်ပါတယ်။ သူ့ရဲ့တွေ့ရှိချက်တွေက အများကြီးရှိပါသေးတယ်။ အထူးသဖြင့် နျူးကလီးယား ရူပဗေဒ (Neuclear Physics)  က ထောက်ခံဦးချနေရတဲ့ အချက်က “သောင်ဟီးဒ်” လို့ခေါ်တဲ့ အရှင်မြတ်သည် စကြ၀ဠာအနန္တတစ်ခုလုံးကို ဖြစ်ပေါ်ထင်ရှားစေပြီး ထိန်းသိမ်းစောင့်ရှောက်တယ်။ ချုပ်ငြိမ်းရုပ်သိမ်းစေ မယ်ဆိုတဲ့ Force ရှိတယ်။ အဲဒီ Force ဆိုတာကိုက အလ္လာဟ်အရှင်မြတ်ရဲ့ “ကွဒ်ရတ်” တော်ရဲ့ အစိတ်အပိုင်းလေး တစ်ခုပဲ ရှိသေးတာ။ ဒီအစိတ်အပိုင်းလေး တစ်ခုတည်းကိုပဲတွေ့ သွားတဲ့သူတွေ သာသနာထဲကို ခြေစုံပစ် ၀င်လာနေပြီ။ ဒီနေ့ အင်္ဂလန်နိုင်ငံမှာ ရေကြည်ရာ၊ မြက်နုရာ မွတ်စလင်နိုင်ငံမှ ပြောင်းလာကြတဲ့ မိရိုးဖလာ သာသနာဝင်တွေသာ မကတော့ဘူး။ ပ ညာတတ်တွေ အများကြီး မွတ်စလင်မ်ဖြစ်လာနေပြီ။

ရုပ်ပိုင်းဆိုင်ရာ၊ နာမ်ပိုင်းဆိုင်ရာ အစ္စလာမ်တရားရဲ့ နူးညံ့သိမ်မွေ့မှုများကို ထိတွေ့သဘောပေါက်ပြီး တဲ့နောက် သာသနာထဲကို ၀င်လာတဲ့ ပုဂ်္ဂိုလ်များဝင်လာရတဲ့ လမ်းကြောင်းတွေ၊ သူတို့ ရဲ့အမှန်တရားနဲ့ ထိတွေ့လက်ခံ လာပုံတွေကို လေ့လာရှင်းလင်း တင်ပြခြင်းအားဖြင့် အဲဒီပုဂိ္ဂုလ်ကျွမ်းကျင် တတ်မြောက်ထားတဲ့ ခေတ်သစ်ပညာရပ်တွေကို အကြောင်းပြုပြီး တွေဝေနေကြ တဲ့ ကျွန်တော်တို့ရဲ့ ညီအစ်ကိုတတွေ၊ တစ်ဘက်ကိုအာရုံ သန်နေတဲ့သူတွေ၊ ခေတ်သစ်လူငယ်တွေထဲက ခြံစည်းရိုးခွထိုင်နေကြတဲ့ သူတွေကို ပြန်လည်ဖေးမနိုင်လိမ့်မယ် လို့ ယုံကြည်တဲ့အ တွက်ကြောင့် ဒီခေါင်းစဉ်နဲ့ တင်ပြခြင်းဖြစ်ပါတယ်။

မြင်ခြင်းဆိုတဲ့ စက္ခုအာရုံအပြင် လူသားတို့မှာ Sense organs လို့ခေါ်တဲ့ ကြားခြင်း၊ အနံ့ခံခြင်း ထိတွေ့ခံစား ခြင်းစတဲ့ အာရုံ(၅) ပါးသာမက အာရုံ(၆)ပါး ဓမ္မာရုံအထိ အာရုံများနဲ့ ကျက်စား လို့ရနိုင်တဲ့ အရာမျိုးတွေဟာ ကျွန်တော်တို့ အမှန်တကယ် ကိုးကွယ်ထိုက်တဲ့ အရာများဖြစ်ပါ့မလား။ ကျွန်တော်တို့ရဲ့ အာရုံများနဲ့ ကျက်စားနိုင်တဲ့ ရုပ်ဝတ္တုပစ္စည်းများဟာ ကျွန်တော်တို့ရဲ့ ကိုးကွယ်ခြင်း ခံထိုက်ပါသလားလို့ မေးစရာမလိုလောက်အောင် ရှင်းနေပါပြီ။ ရုပ်ဝတ္ထုရဲ့ အစွယ်အပွားဖြစ်တဲ့ စွမ်းအင်ဆိုတာကိုတောင်မှ မံသစက္ခုနဲ့ မမြင်နိုင်ပါဘူး။ မမြင်ရပေမဲ့လည်း စွမ်းအင်ဆိုတာတွေက အဟုတ်ရှိတယ်။ တကယ်ရှိတယ်။ လက်တွေ့မှာလည်း အသုံးချနေကြတယ်ဆိုတာ ဘယ်သူမှငြင်းမရပါဘူး။ ဒီလိုလောက ကောင်းကျိုး အမျိုးမျိုးပြု နေကြတဲ့ အရာ များကို မျက်စိနဲ့ မမြင်ရလို့မယုံဘူး၊ ပယ်ချလိုက်ရင် ကျွန်တော်တို့လောက် ပညာမဲ့တဲ့သူ၊ မိုက်တဲ့သူ ရှိပါအုံးမလား။

ကျွန်တော်တို့ရဲ့ အာရုံများက ပေးတဲ့အသိ (Cognition) တစ်ခုဟာ လိုအပ်ပေမဲ့လည်း မလုံလောက်ပါဘူး။ ကျွန်တော်တို့ရဲ့ ရုပ်ပတ်ဝန်းကျင်မှာ ရှင်သန်ရပ်တည်ဖို့အတွက် ဒီလိုအသိများ လိုအပ်ပါတယ်။ ဒါပေမယ့် မလုံလောက်ပါ။ အာရုံများက ရရှိတဲ့အသိတွေဟာ မလုံလောက်ရုံသာမက တစ်ခါတစ်ရံ လှည့်စားတတ်ပါသေးတယ်။ ဒီအသိများကို ပြစ်တင်ရှုတ်ချနေခြင်း၊ ငြင်း ပယ်နေခြင်းမဟုတ်ပါဘူး။ သူ့နေရာနဲ့သူ အသုံးချတတ် မယ်ဆိုရင် အင်မတန်အသုံးဝင်ပါတယ်။ အသိဉာဏ်ဖြစ်ပေါ်လာရာ လမ်းကြောင်း Channel အကြောင်း ကုရ်အာန်မှာ ပြောထား ပါတယ်။ လူသားတွေကို မပြောနဲ့ သက်မဲ့ ရုပ်ပစ္စည်းလို့ထင်ရတဲ့ ဥပမာ “သံ” ကို ငါအရှင် အမိန့်ပေးခဲ့တယ်။ “၀ဟီပေးတယ်”၊ သတ္တလောကမှာ ပျားတွေကိုလည်း “၀ဟီပေးတယ်” လို့ဖော်ပြ ထားပါတယ်။ လူတွေထဲက “နဗီ” မဟုတ်တဲ့သူ အမျိုးသမီးများထဲကတောင်မှ “အီဆာနဗီ” ရဲ့မယ်တော် မရ်ယမ်သခင်မကို ၀ဟီပေးတယ်။ ထိုနည်းတူစွာ မူဆာနဗီရဲ့မယ်တော်ကို လည်း ၀ဟီပေးတယ်လို့ သုံးထားပါတယ်။ “၀ဟီ” ကိုဖွင့်ဆိုဖို့ အဘိဓာန်၊ အဓိပ္ပါယ်စာသား သဒ္ဒါတွေနဲ့ လိုက်နေမယ်ဆိုရင်တော့ ဘယ်တော့မှ မှီနိုင်မှာ မဟုတ်ဘူး။ အရှင့်ဖက်က တိုက်ရိုက်ချီး မြှင့်တဲ့ ဉာဏ်လို့ ယေဘူယျ ဆိုနိုင်ပါတယ်။

အလ္လာဟ်အရှင်မြတ်ချီးမြင့်ထားတဲ့ အသိဉာဏ် (၃) မျိုးထဲမှာ တစ်ခုသော အသိဉာဏ် (Instinct) လို့ခေါ်တယ်။

ဖန်ဆင်းခံမှန်သမျှ သင်ပေးစရာမလိုဘဲ အလိုလိုသိနေတဲ့ နဂိုသိ။ အလ္လာဟ်အရှင်မြတ်ရဲ့ “ရဟ်မာန်” ဂုဏ်တော်ထဲက သြဇာတစ်ခုအနေနဲ့ အလိုလို သိနေကြတာ။ အစ္စလာမ်က ဖော်ပြနေတဲ့ သက်ရှိနဲ့ သက်မဲ့ဆိုတာ နက်နက် နဲနဲ သဘောပေါက်ဖို့ လိုပါတယ်။ အဲဒီအသိဉာဏ်တွေဟာ သက်မဲ့လောကမှာ ရှိနေသလို သတ္တလောကရဲ့ ဘုံနိမ့်သတ္တ၀ါ အဆင့်မှာရှိတဲ့ ပျားကိုတောင် ၀ဟီပေးတယ်လို့ တင်စားခိုင်းနှိုင်းပြီး သုံးထားပါတယ်။ လူကိုသာလျှင် သီးခြားပေးထားတဲ့ အသိဉာဏ် တစ်ခုရှိပါတယ်။ “မင်းတို့မှာ မျက်စိတွေရှိလျှက် မသုံးကြဘူးလား၊ နားရှိလျှက်နဲ့ မ ကြားကြဘူးလား” လို့ ကုရ်အာန်က မေးထားပါတယ်။ အလ္လာဟ်ပေးထားတဲ့ အာရုံခံအင်္ဂါများက တဆင့်သိတဲ့ ဆင်ခြင်တုံတရားဆိုတဲ့ လမ်းကြောင်း လူသားတွေ အာရုံခံအင်္ဂါတွေကို ဖြန့် ကျက် လေ့လာပြီးမှ သိလာတဲ့ အသိဉာဏ်ရဲ့ လမ်းကြောင်းကို ဆိုလိုပါတယ်။

အာရုံခံ အသိများအပြင် အာရုံများမှ စူးစမ်းလို့မရနိုင်တဲ့ နက်နဲသော အသိပညာထူးများလည်း ရှိနေပါသေးတယ်။ အဲဒီ အသိပညာထူးများကို စောကြောနိုင်ဖို့ အသိဉာဏ်ထူးများကိုလည်း အလ္လာဟ်အရှင်မြတ်က ချီးမြှင့်ထားတော်မူတယ်။ အာရုံခံအင်္ဂါများက တဆင့်ရရှိတဲ့ အသိများကို ဒဿနိကဗေဒမှာ Rational Knowledge လို့ခေါ်ပါတယ်။ အကျိုးအကြောင်း၊ အဆိုးအ ကောင်းကို ချင့်ချိန်နှိုင်းဆပြီးတဲ့အခါမှာ မိမိရဲ့ အတွေ့အကြုံများ၊ ဗဟုသုတများ၊ သညာအသိများ နှင့် ချင့်ချိန်ပြီးတဲ့အခါမှာ အာရုံခံအင်္ဂါများမှ Sense Organ များကို အသုံးချပြီးတဲ့အခါမှာ Reason လို့ခေါ်တဲ့ အကြောင်း အကျိုးဆင်ခြင်မှုကို အသုံးချထားတဲ့ ဆင်ခြင်တုံတရားဆိုတာရှိတယ်။ အဲဒီ ဆင်ခြင်တုံတရားဟာ လိုအပ်သော်လည်း အာရုံများရဲ့ ဟိုဘက်မှာရှိနေတဲ့ အမှန် တရားများကို စောကြောနိုင်ဖို့အတွက် တစ်စုံတစ်ရာ အတိုင်းအတာလောက်တော့ အထောက်အကူပြု ပေမဲ့လည်း အဆုံးအစွန်သော တိုင်းထွာတည်းဖြတ်ရာ ကိရိယာအဖြစ် အထိတော့သုံး လို့မရပါ။ ဒါကြောင့် Supra-rational အဲဒီအာရုံများကို ကျော်လွန်သော အသိပညာဆိုတာ ထပ်ပြီးရှိပါသေးတယ်။ အဲဒီ အသိပညာက ကျွန်တော်တို့ရဲ့ အာရုံများမှတဆင့် ရတာမဟုတ်ဘဲ နဲ့ အလ္လာဟ်အရှင်မြတ်က တိုက်ရိုက်ထိုးထွင်း အသိပေးထားတာ ဖြစ်ပါတယ်။

“မျက်စိတွေရှိလျှက် မမြင်ကြဘူး၊ နားတွေရှိလျှက် မကြားကြဘူး၊ နှလုံးသားမှာ ထိပ်တုံးခတ်ခြင်းခံရတယ်” လို့ အရှင်မြတ်က မိန့်ဆိုတော့ အာရုံခြောက်ပါးစလုံးပါသွားပြီ၊ အာရုံခြောက်ပါးမှ ရရှိတဲ့ အသိဉာဏ် (အသိဉာဏ် လို့ပဲခေါ်ခေါ် Cognition လို့ခေါ်ခေါ်) ရရှိရာလမ်းကြောင်းနဲ့ မတူဘဲ တခြားလမ်းကြောင်းရှိပါသေးတယ်။ ဒါကတော့ နှလုံးသားထဲမှာ အလ္လာဟ်အရှင်မြတ် က တိုက်ရိုက်ထည့်သွင်းပေးလိုက်တာဆိုတော့ Intuition ဆိုတဲ့ စကားကို ငှားသုံးရင်လည်း မလုံလောက်ပါဘူး။  Revelation ၀ဟီဆိုပြီးတော့ သုံးထားတယ်။ ၀ဟီဆိုတဲ့ အသိဉာဏ်ထူး ဟာ အရှင်မြတ်ရွေးချယ်ထား တဲ့ မြတ်တမန်များကို လူသားများအတွက် လမ်းညွန်ဖို့ရန် အလ္လာဟ် အရှင်မြတ်က ဂျိဗရာအီလ်လို့ခေါ်တဲ့ ဆက်သွယ်ရေး လမ်းကြောင်းမှ တဆင့် တိုက်ရိုက် ချီးမြှင့်ထားတာမျိုးပါ။

တမန်တော်မဟုတ်တဲ့ ပုဂ်္ဂိုလ်ထူးများအတွက် “အိလ်ဟမ်” အကြားဓာတ်အားဖြင့် သာမန်သောတအာရုံထက် သာလွန်တဲ့ အသိဉာဏ်များကို ရရှိစေတဲ့ လမ်းကြောင်းရှိပါတယ်။ ထို့အတူ သာ မန်မျက်စိနဲ့ မြင်နိုင်တဲ့Field of Visionလို့ ခေါ်တဲ့ မြင်နိုင်တဲ့ အာရုံစွမ်းအားတို့ထက် ပိုပြီး ကျယ်ပြောတဲ့ Insight Wisdomထိုးထွင်း သိမြင်နိုင်တဲ့ အသိ၊ အမြင်၊ အာရုံများဖြင့် အိလ်ဟမ် အာရုံလွန်သိစိတ်ကို “ကပ်ရှ်” လို့ ခေါ်ပါတယ်။ အိလ်ဟမ်တို့ “ကပ်ရှ်” တို့ကို အရိယပုဂ်္ဂိုလ်များကို ပေးထားပါတယ်။ ဒီလို ပုဂ်္ဂိုလ်ထူးတွေကို “အူလလ်အလ်ဘ(ပ်)”လို့ ကုရ်အာန်မှာ ခေါ်ထား ပါတယ်။

ယေဘုယျအားဖြင့် ၀ဟီဆိုတဲ့ အသုံးအနှုန်းက နဗီများကိုသာ သုံးတဲ့အတွက် နောက်ဆုံးပွင့်တော်မူသည့်တမန် တော်တို့ရဲ့အချုပ် မဟာတမန်တော်မြတ် မုဟမ္မဒ်မွစ်တဖွာ ပရိနိဗ္ဗာန်စံတော် မူပြီးနောက် ဘယ်ဝဟီဆိုတာမှမရှိ တော့ဘူး။ သဗ္ဗညုတဉာဏ်တော်ရှင် မဟာတမန်တော်မြတ်အားဖြင့် အစ္စလာမ်သည် အပြည့်အ၀ အထွဋ်အခေါင်ကို ရောက်ခဲ့ပြီဖြစ်တဲ့အတွက် ဒီဝဟီ ဟာ လုံးဝပြတ်တောက်သွားပါတယ်။ သို့သော်လူသားနှင့် အလ္လာဟ်ဆက် သွယ်မှုဟာ ခုနကပြောတဲ့ insight wisdom အရာရာကို ထိုးထွင်းသိမြင်နိုင်တဲ့ အာရုံများကို ကျော်လွန်ပြီး ရရှိနိုင်တဲ့ လမ်းကြောင်း လမ်းသွယ်အားဖြင့်တော့ ယနေ့တိုင်ရှိ နေပါသေးတယ်။

အဲ့ဒါကြောင့် ကျွန်တော်တို့ဟာ အရာဝတ္ထုတစ်ခုရဲ့ တည်ရှိမှုကို (ကိုးကွယ်ခြင်းခံထိုက်တော်မူသော အရှင်ရှိတယ် ဆိုတာကို စောကြောတာကို ခဏထားလိုက်ပါ) ဆန်းစစ်ဝေဖန်မယ်ဆိုရင် ခု နပြောတဲ့ အသိဉာဏ်သုံးမျိုးလုံးနဲ့ ခြုံငုံလေ့လာ သုံးသပ်မှသာလျှင် အဲဒီတည်ရှိမှုသည်ဟုတ်၏၊ တကယ်ရှိ၏။ မရှိ၏ဆိုတာကို ကျွန်တော်တို့က ဆုံးဖြတ်လို့ရပါ မယ်။ အဲဒီထဲမှာနည်းတစ် မျိုး နှင့်သာ ဆန်းစစ်မယ်ဆိုရင် အလ္လာဟ်အရှင်မြတ်ရဲ့ တည်ရှိမှုမျိုးကို မဆိုထားနဲ့ ခုနကပြောတဲ့ ရုပ်သဘာဝထက် လွန်နေတဲ့ရုပ်ကို တည်မှီနေရတဲ့ ရုပ်ရဲ့အစွယ်အပွားဖြစ်တဲ့ စွမ်းအင်ကို တောင်မှ rational Knowledge လောက်နဲ့ဘယ်လိုမှ စောကြောလို့ရမှာ မဟုတ်ပါဘူး။ အဲဒီလို ဆိုရင် ဒီအရာတွေ မရှိဘူးလို့ ငြင်းမလား။ ဘယ်သူမှ မငြင်းကြပါဘူး။

ဘယ်သူမှ မငြင်းနိုင်တာကြောင့် အာရုံများမှ ရရှိတဲ့အသိများဟာ ကျွန်တော်တို့အတွက် စိတ်ချရတဲ့ အားကိုးအားထား ပြုရလောက်တဲ့ အသိများ မဖြစ်နိုင်တော့ပါဘူး။ ကန့်သတ်မှုရှိပြီး မပြည့်စုံတဲ့အပြင် တခါတရံ လှည့်ဖျားမှုသဘော တွေတောင်ရှိပါတယ်။ ဒါတွေကိုလည်း ဥပမာတွေပေးပြီးပါပြီ။ တံလျှပ်ကိုရေထင် ရွှေသမင်အလိုက်မှားဆိုတဲ့ အမြင်သွေခြင်း၊ အလင်းပြန် ခြင်းကိစ္စတွေ Seeing is believing ဆိုတဲ့ မျက်စိနဲ့မြင်မှ ယုံမယ်ဆိုတဲ့ ကိစ္စဟာ ဘယ်လောက်ထိ အောက်တန်းကျသလဲ၊ မမြင်ရဘဲယုံတဲ့ ယုံကြည်မှုမျိုးဟာ သာမန်ကာလျှံကာအားဖြင့် ကြည့်မယ်ဆိုရင် အသိပညာခေါင်းပါးတဲ့ ကိစ္စလို့ထင်ရပေမယ့်လည်း “ယုအ်မေနူးန ဗိလ်ဂိုက်ဘ်” ဆိုတာ အဲဒီလို “မွတ္တကီ” များအတွက် “ဟေဒါယတ်” ဖြစ်တယ်။ ယုံကြည်တာက မျက်စိ မှိတ်ပြီး ယုံကြည်တာမျိုးမဟုတ်ဘဲ အသိပညာရဲ့ လာရာလမ်းကြောင်းများကို အသေအချာ သဘောပေါက်ရင် ယုံကြည်မှုရဲ့ အခြေခံကို သဘောပေါက် မိပါမယ်။

ခေတ်သစ်သိပ္ပံတွေ့ ရှိချက်များ ခေတ်အမြင်ခေတ်အတွေးများနှင့် ကျမ်းမြတ်ကုရ်အာန်ကို ဖွင့်ဆိုခြင်းဟာလည်း ကြိုဆိုလက်ခံရမယ့် ကိစ္စပါ။ သူ့ရဲ့ ရည်ရွယ်ချက်က ဘာလဲ။ ဟောဒီကျမ်း မြတ်သည် မှန်သည်။ ကျမ်းမြတ်၏ လက်ရာရှင်သည် ဘယ်သူလဲဆိုတာကို ထောက်ခံခဲ့တဲ့ အချက်အလက်များ အနေနဲ့တွေ့ ရမှာပါ။ ဟောဒီကျမ်းရဲ့ လက်ရာရှင်သည် ဘယ်သူလဲဆိုတာကို အဖြေပေးဖို့အတွက် အထောက်အကူပြုမှ ဖြစ်ပါတယ်။ တခြားသော အသစ်သစ်သော တရားသဘောတွေ၊ ကျင့်သုံးမှုတွေ ထွက်လာနိုင်စရာ အကြောင်းမရှိပါဘူး။ ပညတ်သဘောအရ ဖွင့် ဆိုမှုများကို ပိတ်ပင်ကန့်ကွက်ရန် လုံးဝမရှိပေမဲ့လည်း အနှစ်သဘောကိုမပြောင်းလဲပဲ မူရင်းတရားရဲ့ တရားသဘောများနှင့် ဆန့်ကျင်မှုမရှိရင် လက်ခံရမှာပါ။

တမန်တော်မြတ်ကြီးနဲ့ စွဟာဗာသာဝကကြီးတွေက ထိန်းသိမ်းသယ်ဆောင် လက်ဆင့်ကမ်းပေးခဲ့တဲ့တရားတို့ဟာ နှစ်ဆယ်ရာစုရောက်ကာမှ သုတေသနပြုပြီးကာမှ လက်တွေ့ အသုံးချလို့ ရပါတယ်။ မှန်ကန်ပါတယ်လို့ဆိုရင် ကျွန်တော်တို့ရဲ့ တမန်တော်မြတ်ကြီးကို ထိပါးရာရောက်မယ်။ တမန်တော်မြတ်ကြီးဟာ ဒီတရားတွေကိုဒီအတိုင်းလက်ဆင့် ကမ်းပေးခဲ့တာ မဟုတ်ပါ ဘူး။ အားလုံးကို လက်တွေ့ ကျင့်သုံးပြသပြီးကာမှ အဆင့်ဆင့်စိတ်ချ သေချာခိုင်လုံသော လမ်းကြောင်းများဖြင့် လူသားတွေထံ ဖြန့်ဖြူးခဲ့တာ ဖြစ်တယ်။ ဒီတရားတွေဟာ မှတ်ကျောက် တင် ပြီး လက်တွေ့လည်း ကျင့်သုံးပြီးဖြစ်ပါတယ်။ သို့သော်ဒီသိပ္ပံကို လုံးဝပြီးပြည့်စုံတဲ့ အမှန်တရားတစ်ခုအနေနဲ့ လက်ခံထားပြီးတော့ ဒီအပေါ်မှာသာလျှင် လုံးဝဥဿုံ အခြေခံပြီးဘာသာတရား တစ်ခုကို တည်ဆောက်လိုက် မယ်ဆိုရင်တော့ အဲဒီဘာသာတရားမျိုးဟာလည်း လုံးဝပြိုပျက်သွားပါလိမ့်မယ်။ အဲဒီအချက်ကို နှလုံးသွင်းပြီး သိပ္ပံဆိုင်ရာတွေ့ ရှိချက်အချို့ ကိုလေ့လာ ကြည့် ကြစို့။

အက်တမ် Atom လေးတွေကို Particle accelerator လို့ ခေါ်တဲ့ အရှိန်ပေးတဲ့ စက်ထဲမှာ လှည့်လိုက်တဲ့ အခါမှာ ဘယ်လိုမှ မမျှော်မှန်းထားတဲ့ မြောက်မြားစွာရှိတဲ့ ပရမာအနု မြူမှုန်လေး များ ထပ်ထွက်လာတာကို တွေ့ ရပါတယ်။ အခြေခံအားဖြင့် လေးမျိုးလောက်ထွက်လာပါတယ်။ အဲဒီ အမှုန်လေးများကို လက်တွေ့ ကြည့်ချင်ပါတယ်။ မျက်စိနဲ့ မြင်ချင်ပါတယ် ဆိုရင် အဲဒီ လူဟာ အဲဒီအသိုင်းအ၀ိုင်းထဲမှာ အရူးကဲ့သို့ စွပ်စွဲခြင်းခံရမယ်။ ကျွန်တော်လမ်းကြောင်း ဦးတည် Drive လုပ်သွားတဲ့ သဘောက ဘာလဲဆိုရင် မမြင်ရသော အမှန်တရားများ အကြောင်းကို ကျွန်တော်ပြောပြနေတာပါ။ အဲဒီမမြင်ရတဲ့ အမှန်တရားသည်ပင်လျှင် ရုပ်ရဲ့ နယ်ပယ်မှာပဲ ရှိသေး တာပါ။ ရုပ်ရဲ့ အခြေခံအမှုန်ထဲမှာ ဖွဲ့စည်းထားတဲ့ ဖွဲ့စည်းမှုကိုပင်လျှင် မမြင်ရပါဘူးဆိုရင် ကိုးကွယ်ခြင်း ခံထိုက် တော်မူတဲ့ အရှင်ကို မြင်ရမှယုံမယ်ဆိုတဲ့ ပုဂ်္ဂိုလ်များရဲ့ ဆင်ခြင်မှုအတိမ်အနက်ကို စဉ်းစားဖို့ပြောနေရတာပါ။

ခေတ်သိပ္ပံနဲ့ ဆက်စပ်ပြီး ပြောစရာတွေက အများကြီးပါပဲ။ Nuclear Physics ပညာကို ကိုင်လှုပ်ခဲ့တဲ့ နယူထရီး နို့စ်ဆိုတဲ့ အမှုန်လေး၊ ဒြပ်ထုလည်းမရှိ၊ လျှပ်စစ်စီးအားလည်းမရှိဘူး။ တိုင်း လို့ ချိန်လို့လည်း မရဘူး။ ရုပ်လည်း မက၊ နာမ်လည်းမကျလို့ ပညာရှင်တွေက Phantom particle လို့တောင်ခေါ်ရတယ်။ မရှိဘူးလို့လည်း ပြောမရ၊ ရှိနေတဲ့ အရှိတရားတစ်ခု၊ အခုဆိုရင် သူ့ထက်နူးညံ့တဲ့အမှုန်လေးတွေ အများကြီးရှိနေပြီ။ Photons လိုအမှုန်ကို အခြေပြုထားတဲ့ ဂါမာရောင်ခြည်  Gammer Raysတွေကနေ တီဗွီကြည့်နေကြတယ်။ အိတ်စရေးသုံးနေတယ်။ ကွာဇ်နာရီမှာ ဂဏာန်း သင်္ကေတလေးတွေ ဖော်ပြနေကြတယ်။ အဲဒီလို နက်နဲသိမ်မွေ့တဲ့ အမှုန်လေးတွေကို မျက်စိနဲ့ မြင်ရမှ ယုံမယ်ဆိုတဲ့ လူတွေအတွက် ဘယ်လောက် စိတ်ပျက်ဖို့ ကောင်းနေပြီလဲ။ မြင်မှယုံမယ်ဆိုတဲ့ လူတွေရဲ့ ဉာဏ်နည်းမှုကို ကျွန်တော်ပြောချင်လို့ပါ။

ကိုးကွယ်ခြင်းခံထိုက်တော်မူသော အရှင်ရှိ၏။မရှိ၏ ဆုံးဖြတ်ကြတော့မယ် ဆိုရင် မြင်ခြင်း၊ မမြင်ခြင်းဆိုတဲ့ စံ ကိုစံထားဆုံးဖြတ်ခြင်းသည် ကျွန်တော်တို့ရဲ့ အမှန်တရားရှာဖွေမှုကို တက် တက်စင်အောင် လွဲမှားသွားစေပါလိမ့်မယ်။ လောကသဘာဝမှာရှိတဲ့ အရာမှန်သမျှဟာ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ စွမ်းဆောင်ရည် အမျိုးမျိုးရှိကြတဲ့အမှုန် ကလေးများနှင့် ရောယှက်ဖွဲ့ စည်းထားတာပါလို့ သိပ္ပံလောကမှ အဖြေပေးလိုက်တယ်။ အစ္စလာမ်က ဘာပြောထားလဲ။ ဒီစကြ၀ဠာကြီးရဲ့ ဖြစ်တည်မှုက အလ္လာဟ်အရှင်ရဲ့ ဂုဏ်တော်ကွန်ခြာ ကြီးဖြစ်တယ်။ ဂုဏ်တော် တစ်ခုခြင်းကနေ ဒီလို ရုပ်ကလာပ်၊ နာမ်ဓာတ်လေးတွေ ဖြစ်ပေါ်လာတယ်။ သူ့မှာ ကြောင်းကျိုးဖြစ်စဉ်လို့ခေါ်တဲ့ “Law of Causation” ဖြစ်စဉ်ကြီးအရ ဖြစ်ပျက်နေရပြီး ဒီဖြစ်စဉ်ကို အလ္လာဟ်အရှင်မြတ်က ဥပဒေသနိယာမအဖြစ် ပြဌာန်းထားတယ်လို့ အစ္စလာမ်က ပီပီပြင်ပြင် တင်ပြထားပါတယ်။

“Origin of universe” ဆိုတဲ့ ခေါင်းစဉ်နဲ့ တင်ပြထားတုန်းကလည်း ကျွန်တော်ရှင်းပြခဲ့ဖူးပါတယ်။ စကြ၀ဠာကြီး တစ်ခုလုံးရဲ့ နောက်ကြောင်းသမိုင်းကို လေ့လာဖို့အတွက် ၁၉၉၃ ခုနှစ် တုန်းက အမေရိကန် သိပ္ပံ အဖွဲ့ NASA ကCOBE ဆိုတဲ့ ဂြိုလ်တုတစ်လုံးလွှတ်တင်ပြီးံHubble Space Telescope နဲ့ ဆက်သွယ်ထားပြီး လေ့လာမှုတွေလုပ်ခဲ့ရာမှာ အာကာသ စကြ ၀ဠာထဲမှာ  Ripple လို့ခေါ်တဲ့ လှိုင်းဂယက်လေးများတွေ့ ရတယ်။ ပြင်းထန်တဲ့ စွမ်းအား တစ်ခုဖြစ်သွားပြီး နောက်အကျိုးဆက်ဖြစ်တဲ့ Ripple လေးတွေ ဆက်တည်ရှိ နေခြင်းပါ တွေ့ ခဲ့ရ ပါတယ်။ “မဟာပေါက်ကွဲမှုသီအိုရီ”  ”Big Bang Theory” ကို လုံးဝထောက်ခံတဲ့ အချက် အလက်အဖြစ်နဲ့ ဒါကို ၁၉၉၃ ခုနှစ်မှာ အတည်ပြုခဲ့ကြတယ်။ ကျမ်းမြတ်ကုရ်အာန်က နှစ်ပေါင်း ၁၄၀၀အရင် ကတည်းက ဒီအကြောင်းတွေကို ဖော်ပြထားပါတယ်။ (၂၁း၃၀) လက်တွေ့မှာ သက်သေပြလို့ရပါပြီ။

အဲဒီစွမ်းအား Force ကိုလည်း တိုင်းလို့ ရပါတယ်။ အဲဒီမှာ Time မဂ္ဂဇင်းက ရေးတယ်။ “Hand Writing of God” ဘုရားသခင်ရဲ့ လက်ရေးတွေ့ ပြီ။ အာကာသမှာတဲ့။ Ripple Theory အရ စကြ၀ဠာကြီးဟာ ယခင်က တစ်စုတစ်ဝေးတည်းရှိခဲ့တယ်။ ဓာတ်ငွေ့ အခိုးအလျှံများ ဖြစ်တယ် လို့ဆိုတယ်။ (“ဒွတ်ခန်း”လို့ ကုရ်အာန် ၄၁း ၁၁ မှာေ ဖ်ာပြပြီးသားပါ။) မဟာပေါက် ကွဲမှု အရ စကြ၀ဠာကြီး အစိတ်စိတ်အမွှာမွှာ ကွဲထွက်ပြီး အဆင့်ဆင့် ဖြစ်ပေါ်လာရတယ်။ အဲဒီလို စုစည်းထားတဲ့ စွမ်းအားရော၊ ဖောက်ခွဲပစ်လိုက်တဲ့ စွမ်းအားရော၊ ဆက်ပြီး (Expand) ပြန့်ကား နေတဲ့စွမ်းအားတွေကို ဘယ်သူလုပ်တာလဲ ဆိုတော့  ”Grand Force” ဆိုတဲ့ တစ်ခုတည်းသော စွမ်းအားကြီးကနေ လုပ်နေတာ။ စကြ၀ဠာကြီးက ဖြစ်ပေါ်စေရုံတင်မက သူ့ရဲ့ အကောင်း အဆိုး၊ အကြောင်းအကျိုးကိုလည်း ထိန်းချုပ်ထားတယ် လို့ဆိုတယ်။

အလ်ဟဂ်ျ ဦးအေးလွင် ၏ (နွေရာသီမွန်းမံသင်တန်းပို့ချချက်မှ ကောက်နှုတ်တင်ပြသည်။)

July 1st, 2011 by U Soe Lwin

မမြင်ရသောအရှင်အားကိုးကွယ်ခြင်း (၃)

လူကြီးမင်းများခင်ဗျား။ “ရဗ်” ဆိုတဲ့ ဝေါဟာရကို ပြန်ကြည့်ရအောင်။ အဆင့်ဆင့် ပြုစုပျိုးထောင်တယ်။ ဒါတင်မက ဥပဒေတွေ၊ နိယာမတွေနဲ့ ထိန်းချုပ်ထားတယ်။ သဘာဝတရားကြီးကို နိယာမတွေအတိုင်း တစ်သဝေမတိမ်း လိုက်နာစေပြီး စည်းကမ်းကလနား ကျနစွာနဲ့ ဖြစ်နေအောင် ပြုလုပ်ထားတယ်။ အဲဒါကြောင့် စကြ၀ဠာကြီးရဲ့ ဖြစ်စဉ်ဟာ တစ်ခုတည်းသော စွမ်းအားမှ သည် သူတို့ပြောတဲ့    Grand Unified Force ကနေ ဖြစ်လာတယ် ဆိုတာကို (ဖန်ဆင်းရှင်တို့၊ ဘုရားတို့ ဆိုတာကို မသုံးဘဲ)  Force သဘောလေး သက်သက်ပဲထားပြီး ဆွေးနွေးကြည့် စမ်းပါဦး။ ဘယ်သူငြင်းနိုင်မှာလဲ။ ဒီနေရာမှာ ကျွန်တော်တို့က ပုဂ္ဂလပညတ် တင်လိုက်တယ်။ “အလ္လာဟ်” လို့ သုံးလိုက်တယ်။ ဒါပဲလိုတော့တာပါ။

Nuclear physics ကပြောတဲ့ မမြင်ရသောစွမ်းအားများနဲ့ စုဖွဲ့ထားတဲ့ စွမ်းအား အားလုံးတို့ဟာ ပင်မမူလ စွမ်းအားစုကြီးမှ အကြောင်းခံပြီး ဒါဟာအလ္လာဟ်အရှင်မြတ်ရဲ့ ကွတ်ဒရတ်တော် ထဲကအစိတ်အပိုင်း တစ်ခုသာရှိပါသေးတယ်။ ဒီ Force ကို ကျွန်တော်တို့က ညီမျှခြင်းထိုးပြီး အလ္လာဟ့်ကွတ်ဒရတ် = စွမ်းအားပါလို့ ရှင်းလိုက်ရင် သူတို့ကျားးကန်ပြီး ငြင်းပါလိမ့်မယ်။ ဒါက တော့ နှလုံးသားမှာ ထိပ်တုံးခတ်ထား ခံကြရတာပါ။ ကျွန်တော်တို့က ဘာမှအငြင်းပွားစရာ မရှိပါဘူး။ ကိုယ့်ဟာကိုယ်တော့ ရှင်းနေဖို့လိုတယ်။ မေးလာရင် တင်ပြဖို့လိုတယ်။ ရုပ်၊ နာမ်၊ ဓမ္မ သင်္ခါရတို့ ကင်းတော်မူသော၊ ချို့တဲ့မှုအပေါင်းမှ ကင်းတော်မူသော၊ တရားကျင့်ပြီးမှ ပေါက်မြောက်ရတာမျိုး လုံးဝမဟုတ်တဲ့ ပုဂ်္ဂိုလ်၊သတ္တ၀ါ၊ လူနတ်၊ ဗြဟ္မာလို့ခေါ်တဲ့ ဖြစ်ပျက်၊ အနိစ္စသင်္ခါရ မဟုတ်တဲ့ သင်္ခတဘုံသား လားလားမှမဟုတ်တဲ့ အလ္လာဟ်အရှင်မြတ်ကို မြင်မှယုံမယ် ဆိုရင်တော့ ဘယ်လောက်များ မိုက်တဲ့လူဖြစ်မလဲခင်ဗျား။

ဒါကြောင့် ကျွန်တော်က မြင်ရသောအရာများကို မကိုးကွယ်ဘဲ အလ္လာဟ့်ကိုမှ ဘာကြောင့်ကိုးကွယ် သလဲဆိုရင် မမြင်ရလို့ ကိုးကွယ်တာပါလို့ ဖြေချင်ပါတယ်။ မမြင်ရတာ တစ်ခုထဲကြောင့် မဟုတ်ဘူးနော်၊ မမြင်ရတဲ့အရှင်မှာ ဂုဏ်တော်အနန္တရှိပါတယ်။

ဆက်ပြီးပြောရဦးမယ်။ ကျွန်တော်တို့ အာရုံ၆- ပါး၊ ဉာဏ်စဉ်လွှာဘယ်လိုမှ ထိုးဖောက်ကျက်စားလို့ မရတဲ့အတွက် အဲဒီ ဉာဏ် များ ကိန်းဝပ်ရာလို့ သင်္ကေတဆောင်ထားတဲ့ ဟောဒီဦးခေါင်းက နဖူးမြေစိုက် ဦးတိုက်ပြီး စစ်ဂျဒဟ် ပြုခြင်းဟာ တစ်ဆူတည်းအရှင် အတုလံအတုလ၊ အစိနေ ၱယ်၊ အပေမယ်၊ အသခၤတ အ ရှင်ဖြစ်လို့ပဲ၊ ဒီအရှင်ကလွဲ၍ မွတ်စလင်မ့်ဦးခေါင်း ဘယ်သူ့ကိုမှ ဦးမစိုက်၊ ဦးမခိုက်ဘူး။ မွတ်စလင်မ့် ဦးခေါင်းမှာရှိတဲ့ အသိပညာဆိုတာဟာလည်း သဘာဝအင်အားစုများကို စိုးမိုးချုပ်ကိုင် ပြီး ငြိမ်းအေးအောင်လုပ်ဖို့ အလ္လာဟ်ကပေးထားတာ။ မိမိကအသုံးချရမဲ့ သဘာဝစွမ်းအားတွေကို မိမိကဘယ်လို ကိုးကွယ်နိုင်ပါ့မလဲ။ အဲဒါတွေအားလုံးကို ဖြစ်ပေါ်စေတော်မူတဲ့ စွမ်းအား တို့အားလုံးရဲ့ အကြောင်းခံ “ကွဒ်ရတ်တော် အရှင်ကို ဘယ်လိုအာရုံတို့နဲ့ ကျက်စားလို့ရမလဲ။” အဲဒါကိုမှ မျက်စိနဲ့မြင်ချင်ပါတယ်ဆိုရင် အဲဒီလူသား သူ့ထိုက်နဲ့ သူ့ကံ ရှိပါစေ။

မမြင်ရသော အရှင်အားကိုးကွယ်ခြင်း ဆိုတဲ့ခေါင်းစဉ်မှာ “ကိုးကွယ်ခြင်း” ဆိုတာကို ရှင်းချင်လို့ကို တမင် သုံးထားတာ။ အကြောက်တရား၊ အမြှောက်တရားများကို အခြေခံပြီး၊ အားကိုးရာ မှီတွယ်ရာ၊ အကွယ်အကာကို ရှာရင်းက ပေါ်လာတဲ့ မြန်မာဝေါဟာရဖြစ်တဲ့ ဒီအသုံးအနှုံးဟာ ကျွန်တော်တို့ရဲ့ “အိဗာဒတ်” နဲ့ ဘာမှမဆိုင်ဘူး။ တခြားစီ။ (“ဆွလာတ်ဘာဝနာ” ဆိုတဲ့ “အိဗာ ဒတ်”နဲ့ ပတ်သက်ပြီး ကျွန်တော်ဒီမှာ ဟောထားတာရှိပါတယ်။)

အမျက်တချောင်းချောင်း ထွက်နေတဲ့ နတ်ဘုရားကြီးရဲ့ အမျက်တော်ပြေစေဖို့ ပူဇော်ပသရခြင်း၊ တိုးလျှိုးတောင်း ပန်ရခြင်း ဆိုတဲ့ အကြောက်တရားနဲ့ အမြှောက် တရားအပေါ် အခြေခံသော အသိဉာဏ်မဲ့သော နလဗိန်းတုံးများရဲ့ ကိုးကွယ်မှုမျိုး အစ္စလာမ်က လုံးဝ လက်မခံဘူး။

တမန်တော်မြတ်က အဲဒီကိုးကွယ်မှုမျိုးကို ရိုက်ချိုးပစ်ခဲ့တာ။ ကအ်ဗာကျောင်းတော်ထဲမှာရှိတဲ့ နတ်ဘုရား ၃၆၀ကို သန့်စင်ပြီးနောက် စစ်မှန်သော “အိဗာဒတ်” ရဲ့ အဓိပ္ပါယ် ရသကို ဖွင့်ပြခဲ့ တာ။ ကျွန်တော်တို့မှာ ဆွလာတ်နဲ့ ဒိုအာဆိုတာ ရှိပါတယ်။ ဆွလာတ်ဆိုတာက အားထားရာ အစစ်အမှန်ဖြစ်သော အရှင်မြတ်နှင့် ချဉ်းကပ်ဆက်သွယ်ရန်ဖြစ်တယ်။ အလ္လာဟ်က လူသားကို လိုအပ်မဲ့အရာမှန်သမျှ အရည်အသွေး အရည်အချင်း အားလုံးပြည့်စုံအောင် ပေးထားတယ်။ ကိုယ့်ရဲ့ အရှင်ဘယ်သူဆိုတာ သိနိုင်တဲ့ ၀ိဉာဏ စွမ်းအားကိုလည်း ချီးမြှောက်ထားတယ်။ မလွှတ်ခင်ကတည်းက အသေအချာ ပြောလွှတ်လိုက်တာ။ “အလပ်စ်သို့ ဗေရဗ်ဗေ့ကွမ်” ပြန်ပြောတယ်မဟုတ်လား။ “ကာလူဗကာ” အဖြေပေးပြီးသားပါ။ “ရှဟာဒတ်” ပေးပြီးသားပါ။

လူ သားတိုင်းရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ အရည်အသွေးတွေ ပြန်လည်ပြီး ပြည့်ဖြိုးလာစေဖို့အတွက် ဆွလာတ်တည်းဟူသော လေ့ကျင့်ခန်းကို နေ့စဉ်ငါးကြိမ်လုပ်နေတာ။ အဲဒီ လေ့ကျင့်မှုဟာ အလ္လာဟ်အရှင်မြတ်နဲ့ ဆက်သွယ်မှု၊ အရှင်မြတ်ထံမှ စွမ်းအားများကို အဲဒီဆက်သွယ်ရေး လမ်းကြောင်းကနေ စီးဆင်းခံယူပြီးတော့ လူ့ဘ၀မှာ ရုပ်ဘ၀မှာ လက်တွေ့ကျကျ ပြဿနာ အရပ် ရပ်ကို ဖြေရှင်းရသလိုပဲ နာမ်တရားနဲ့ ဖြေရှင်းရမယ့် ပြဿနာများ အတွက်ကိုပါ နာမ်ရဲ့အဟာရများကို ဆွလာတ်မှာ ရယူနိုင်ပါတယ်။ လူသားကို လူ့ဂုဏ်သိက္ခဏာအပြည့်အ၀ရှိလာ အောင် လူကိုလူပီသအောင် ပြုလုပ်ပေးတဲ့ ကျင့်စဉ်ကို ဆွလာတ်လို့ခေါ်ပါတယ်။

အာဒမ်နဗီ သုခဘုံ မပျောက်ဆုံးခင်က မလာအိကာမဟာဗြဟ္မာာကြီးများက ဦးချခဲ့ရပါတယ်။ အဲဒီတုန်းက လူသားရဲ့ အဆင့်ကို ပြန်ရောက်အောင် ဆွလာတ်နဲ့မြှင့်ယူရပါတယ်။ လူသားက ကိုယ့်အရည်အချင်းကို မသိတော့ဘူး။

“ဂဖွလသ်” အ၀ိဇ်္ဇာအမေ့အမှား ၀င်သွားပြီး တွေ့တာမှန်သမျှကို ဦးချချင်နေပြီ။ အဲဒီလူသား​ သူ့အဆင့်အတန်းမှန်ကို ပြန်ရောက်အောင် လုပ်ပေးဖို့လိုနေပြီ။ ဘယ်လိုနည်းနဲ့ လုပ်မလဲ။ ဒါ ကြောင့် ဆွလာတ်ကို “ဇကီးရ်” လို့လည်း ခေါ်တယ်။ “ပြန်လည်သတိရစေတယ်” တဲ့။ ဘာကိုသတိရစေမှာလဲ မင်းအရှင်ဘယ်သူလဲ၊ မင်းကိုဘာကြောင့် စေလွတ်လိုက်သလဲ။ ” “ခလီဖ တုလ်အရ်ဒ်” “ကမ္ဘာမြေပြင်ပေါ်မှာငါ့ရဲ့ ကိုယ်စားလှယ်အဖြစ် စေလွှတ်လိုက်တာ” အဲဒီ “အမာနတ်” နဲ့ စေလွှတ်လိုက်တာတွေကို ပြန်သိလာအောင် Rememberance လုပ်နေတာ။ ဆွ လာတ်ဟာ အင်မတန် လေးနက်ခမ်းနားတဲ့ သာသနာ့ကျင့်စဉ်ကြီး တစ်ခုဖြစ်ပါတယ်။ ငါးကြိမ်ဆွလာတ်မှာ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ၊ ၀ိဉာဏပိုင်းဆိုင်ရာလည်း ပါတယ်။ ဉာဏ်စခန်းဟာ ဆွ လာတ်ရဲ့ အခြေခံပါ။ ကျွန်တော်တို့ ၂၄- နာရီမှာ ငါးကြိမ်သော ဆွလာတ်လေ့ကျင့်ခန်းကို ယူပြီးနောက် ဘ၀ထဲပြန်ဝင်ရတယ်။ ဆွလာတ်တည်ဆောက်မှုရဲ့ အကျိုးဆက်တွေကို အရိပ်နဲ့ကိုယ် တစ်ထပ်တည်းပါသလို ပါပြီးတည်ဆောက်ရမယ်။ လူသားဟာသိမ်ငယ်စိတ်၊ အားငယ်စိတ်တွေနဲ့ တွေ့သမျှမြင်သမျှ ဦးချနေလို့၊ ကိုယ့်ရဲ့အရည်အသွေးမှန်ကိုပြန်သိအောင်    Remember -ance လုပ်ပေးတာ။ ဆွလာတ်နဲ့ ပြန်လည် ပြီးမြှင့်တင်ပေးနေတာပါ။

တမန်တော်မြတ်ရဲ့ ဟဒီးဆ်တစ်ပုဒ်မှာ ဒွန်္နယာဆိုတာကရေ၊ ရှရီအတ်ဆိုတဲ့ နို့နဲ့ရောရင် နို့ထဲရေသွန်ပြီးနို့ကျဲသွားလိမ့်မယ်။ နို့ကို မလိုင်ဖြစ်အောင်၊ ထောပတ်ဖြစ်အောင်လုပ်ရမယ်။ အဲဒါဆို ရေနဲ့ဘယ်လိုပဲရောရော ရေနဲ့ထောပတ် တသီးတသန့်ဖြစ်နေမှာ။ ဒွန်္နယာနဲ့ကင်းကွာပြီး အမှန်တရားကို ရှာလို့မရဘူး။ ပညတ်နဲ့ပရမတ် တစ်ထပ်တည်းဖြစ်နေတယ်။လောကီနဲ့လောကုတ္တရာ တစ်ထပ်တည်း ဖြစ်နေတယ်။ လောကီကိုပယ်၊ ပညတ်ကိုပယ်၊ ရုပ်တရားကိုပယ်ပြီး တာဝန်များမှ ထွက်ပြေးပုန်းရှောင်လို့ သစ္စာတရားရလိမ့်မယ်၊ သုခဘုံရောက်လိမ့်မယ်လို့ အစ္စလာမ်က လုံးဝလက်မခံဘူး။ တစ်ကိုယ်ကောင်းဆန်စွာ လောက၀တ်များကိုပစ်ပယ်ပြီး ကျင့်ကြံအားထုတ် ခြင်းဟာ အတ္တကို ကြီးထွားအောင် မွေးမြူတဲ့ကျင့်စဉ်ပဲ။

ဆွလာတ်ဟာ ထွက်ပြေးပုန်းရှောင်ရေးကျင့်စဉ် လုံးဝမဟုတ်ဘူး။ မတ်စ်ဂျီဒ်ဝတ်ကျောင်းတော်မှာ တစ်နေ့ငါးကြိမ်ဆွလာတ် ၀တ်တက်ပြီး အင်အားတွေစုနေတာ၊ စွမ်းအားတွေ နိုးထလာ အောင် Invoke လုပ်နေတာပါ။

ဆွလာတ်ဆိုတဲ့ ကဏ္ဍပြီးတဲ့အခါမှာ ဆက်ပြီး တင်ပြချင်တာကတော့ ဒုအာဆိုတဲ့ ဆုတောင်းခန်းပါပဲ။ ဆုတောင်းကို နားလည်ဖို့ ပထမအချက်အနေဖြင့် သိထားအပ်တာကတော့ ကျမ်းမြတ်ကုရ်အာန်မှာ ဖော်ပြထားတဲ့အတိုင်း “အဲဟ်ဆာနေ့တက္က၀ီန်” ဆိုတဲ့ အကောင်းဆုံးသော အရည်အသွေးများဖြင့် အပြည့်အစုံတပ်ဆင်ပေးကာ ကျွန် တော်တို့ လိုမည့်အရာ မှန်သမျှ အလ္လာဟ်ပေးထားပြီးမှ ဒွန်္နယာကို လွှတ်လိုက်တာ။ အလ္လာဟ်တာဝန်မမဲ့ဘူး။ လစ်လျူရှုမထားဘူး။ အဆက်အသွယ် ဖြတ်တောက်မှုလည်းမရှိဘူး။ ကျွန်တော် တို့က ဖြတ်နေလို့သာ ဒီဆက်သွယ်မှုကို ဂရုမမူမိဖြစ်နေတာ။

ကျွန်တော်တို့အနေနဲ့ ဆုတောင်းတာကို တိုးလျှိုးတောင်းပန်တယ်လို့ ထင်သူက ထင်ကြတယ်။ မာန်မာနတွေ နှိမ့်ချပစ်လိုက် တာ။ ဇာတိသွေး၊ ဇာတိမာန်တွေကို ချိုးပစ်လိုက်တာ။ လူ့အရည်အချင်း တွေကို ချိုးပစ်လိုက်တာလို့ အထင်သေးကောင်းသေးလိမ့်မယ်။

သို့သော် ကျွန်တော်တို့ မာန်ချိုးတယ်ဆိုတာ ဘယ်သူ့ထံမှာချိုးတာလဲ သဘောပေါက်ဖို့လိုတယ်။ ဘယ်ဖန်ဆင်းခံထံမှာမှ တိုးလျှိုးတောင်းပန် ၀ပ်တွားနေတာမဟုတ်ဘူး။ ဘယ်ရုပ်နာမ်ဓမ္မ သင်္ခါရနဲ့စုဖွဲ့ထားတဲ့ သင်္ခတဓာတ်ပေါ်မှာမှ လုပ်နေတာ မဟုတ်ဘူး။ ကျွန်တော်တို့မာန်ချလိုက်ခြင်းဟာ အသင်္ခတဓာတ်နဲ့ဆက်သွယ်ခြင်းအတွက် အဓိကသော့ချက်ဖြစ်ပါတယ်။

အဲဒီမာန်တောင့်ခံနေသမျှ ကာလပတ်လုံး ဒီဆက်သွယ်မှုကို ဖြတ်တောက်သလိုဖြစ်နေမယ်။ အဲဒီဆက်သွယ်မှုတွေ ပွင့်လာအောင် အဲဒီမာန်ကို ချရလိမ့်မယ်။ နေရာတကာမှာ ချစရာမလိုဘူး။ လူကို လူပျင်းတွေ လူညံ့တွေဖြစ်သွားအောင် လုပ်နေတာမဟုတ်ဘူး။ ကျွန်တော်တို့ မာန်ချရမှာက အရှင့်ရှေ့မှာ၊ ဘာကြောင့်လဲဆိုတော့ အရှင့်ရှေ့ မှာ မာန်ချမှ ကျွန်တော်တို့ စွမ်းအား တွေရမှာ၊ ဆုတောင်းဆိုတာကို ကျွန်တော်ပြောမယ်။ ဘာမှမလုပ်ရဘဲနဲ့ ရမလားလို့ ကျွန်တော်တို့ထဲက ခေတ်ပညာတတ် ဆိုတဲ့ ဆန်းသစ်ရေးဝါဒီများက မေးခွန်းထုတ်ထားတာလည်း ရှိ တယ်။ ဒိုအာတောင်းနေလို့ ဘာရမှာလဲ။ မှန်တယ်။ ကျွန်တော် ဒါကို လက်ခံပါတယ်။ ဘာမှ မလုပ်ဘဲနဲ့ ဒိုအာတောင်း မွေးတော့ ကိုယ်ကမွေး ကျွေးတော့ အလ္လာဟ် (အလ္လာဟ်အပေါ် အကုန် ပုံချ) ဆိုတဲ့ ယုံကြည်ချက်ဟာလည်း လွဲ မှားတယ်လို့ ကျွန်တော် ရိုးရိုးသားသားပဲ မြင်ပါတယ်။

လူသားတွေကို ပေးထားတဲ့ စွမ်းအားများထက်ပိုတဲ့ စွမ်းအားတွေရှိပါသေးတယ်။ ဥပမာ ကျမ်းမြတ်ကုရ်အာန်က ကျွန်တော်တင်ပြပါမယ်။ မူဆာနဗီကို ဖိရ်အောင်က သူ့တပ်ကြီးနဲ့ လိုက်တဲ့အ ခါ ပင်လယ်နီကမ်းကို ရောက်သွား တယ်။ တစ်ဖက်က ဖိရ်အောင်ရဲ့ စစ်တပ်၊ အင်မတန်လူသူအင်အား လက်နက်များပြားတယ်။ တစ်ဖက်မှာ ကြည့် လိုက်တော့ သဘာဝ အဟန့်အတား ပင် လယ်ကြီး၊ ရေစီးတသွင်သွင်နဲ့ ပင်လယ်ကြီး ဒီနှစ်ခုကြားမှာ ရောက်နေတဲ့ မူဆာနဗီနဲ့ သူ့ နောက်လိုက် ဘယ်လိုဖြစ်နေမယ်ဆို ခင်ဗျားတို့ ပြန်စဉ်းစားကြည့်ပါ။ အဲဒီလိုအချိန်မျိုးမှာ အလ္လာဟ် အရှင်မြတ်ပေးထားတဲ့ စွမ်းအားများ မရှိတော့လို့လား။ ရုပ်ပိုင်းဆိုင်ရာ ဉာဏ်ပိုင်းဆိုင်ရာအရ စစ်ဗျူဟာတွေ၊ နည်း ဗျူဟာတွေနဲ့ ရင်ဆိုင်ဖို့ မဖြစ်တော့လို့လား။ အဲဒီအချိန်မူ ဆာနဗီ ဘာ လုပ်ပါသလဲ။ ကိုယ့်မှာပိုင်ထားတဲ့ စွမ်းအားရဲ့ အဆုံးစွန်ဆုံးရောက် သွားတဲ့အခါ ဒီစွမ်းအားတို့ကို ပေးသနားတော်မူတဲ့၊ စွမ်းအားတို့၏မူလဘူတဖြစ်တဲ့ အလ္လာဟ် အရှင်မြတ်ထံမှာ ဒီထက် ပိုမိုတဲ့စွမ်းအားကို ထပ်တောင်း ပါတယ်။ ထပ်တောင်းလိုက်တဲ့အခါမှာ မဖြစ်နိုင်တဲ့ကိစ္စ ကဖြစ်သွားပါတယ်။

ခေတ်စမ်းဝါဒီတွေက တန်ခိုးတို့ဘာတို့ကို သိပ်လက်မခံချင်တော့၊ သဘာဝလွန်ဖြစ်ရပ်တွေကို ယုတ်္တိဗေဒနဲ့ ရှင်းပြ ဖို့အဖြေလိုက်ရှာကြတယ်။ ဒီတော့ ပင်လယ်နီကြီး ရေခန်းလို့ လမ်းပေါ်လာ တယ် ပြောပြော၊ ကျောက်ဆောင် နှစ် ခုကြားရေတိုက်ပြီး လမ်းပေါ်လာတယ်ပဲ ပြောပြော ဘယ်လိုပဲပြောပြော ကြိုက်သလို အဓိပ္ပါယ်ဖွင့်ပါ။ ပင်လယ်နီ နှစ်ခြမ်းကွဲတာ ဘယ်လို ရှုထောင့်ကပဲ ပြောကြပါစေ၊ သဘာဝနည်းတွေနဲ့ပဲ ပြောပြော၊ ယုတ်္တိနည်းတွေနဲ့ပဲ ရှင်းရှင်း၊ သိပ္ပံနည်းတွေနဲ့ပဲ ပြောပြော ပင်လယ်နီနှစ်ခြမ်းကွဲပြီး မူဆာနဗီနဲ့ သူ့ရဲ့နောက်လိုက်များ လွတ်မြောက်သွား တာ ကတော့ သမိုင်းဖြစ်ရပ်အမှန်ပါ။

ဘယ်လိုမှ ငြင်းလို့မရတဲ့ ကိစ္စ။ ဒီအတွက်သက်သေတွေလိုချင်ရင် မစ္ဆဗေဒရှုထောင့်ကကြည့်မလား။ အဏ္ဏ၀ါဗေဒ ရှုထောင့်က ကြည့်မလား။ ဒီပညာရပ်တွေ မတတ်ရင်တော့ ပြောလို့ မရဘူး ပေါ့ဗျာ။ လူကြီးမင်းများ သိချင်တဲ့ရှု ထောင့်ကနေ ကျွန်တော်တင်ပြပါမယ်။ ဘူမိဗေဒ   Geology သဘောအရ ပင်လယ်နီကြီး နှစ်ခြမ်းကွဲခဲ့တယ် ဆိုတဲ့ အထောက်အထား လိုချင် တယ်ဆို လည်း ပြောပြပါမယ်။ ပါးစပ်က သိပ္ပံနဲ့ တကယ်တမ်း သိပ္ပံ အ ကြောင်းဘာမှ နားမလည်ပဲနဲ့ တော့ သိပ္ပံနဲ့ ကိုင်ပေါက်လို့တော့ မရပါဘူး။

ထားပါလေ၊ ကျွန်တော်ပြောချင်တာ ဒါမဟုတ်ဘူး။ ပင်လယ်နီ နှစ်ခြမ်းကွဲသွားပါတယ်ဆိုတဲ့ စွမ်းအားဟာ မူဆာ နဗီ ကို အလ္လာဟ်ပေးထားတဲ့ မူရင်းပကတိစွမ်းအားများထက်သာလွန်တဲ့၊ ပို ကဲတဲ့သူ့ရဲ့ အပမှဖြစ်တဲ့ စွမ်းအား တစ်ခုရဲ့စွမ်းဆောင် ချက်ပဲဖြစ်ပါတယ်။ ဒါကို ငြင်းမလား။ သူလှေလုပ်ပြီးစီးသွားတာလည်း မဟုတ်ဘူး။ လက်ပစ်ကူးသွားတာလည်း မဟုတ်ဘူး။ သဘာ ၀တရားလို့ လူတွေသတ်မှတ်ထားတဲ့ သဘာဝကို လွန်သွားတဲ့ ဖြစ်ရပ် ဆန်းတစ်ခုနဲ့ ဟိုဖက်ကမ်းကို ရောက်သွားရတာ ပါ။ အဲဒီသဘာဝကို လွန်ဆန်နိုင်တဲ့ စွမ်းရည်ကို မူဆာနဗီဘယ် ကရခဲ့ သလဲ၊ ဘယ်လိုနည်းနဲ့ ရခဲ့သလဲ။

နောက်တစ်ခု ဟစ်ဂျရီ (၂) ခုနှစ်က ဖြစ်ခဲ့တဲ့ “ဗဒရ်” ခုခံစစ်မှာ တစ်ဖက်က အင်အား (၂) ဆရှိတယ်လို့ “စူရာအန် အလ်ဖါလ်” မှာ ပြောထားတယ်။ လက်နက်အင်အား အရ စစ်အခင်းအကျင်း အရ ပြန်ကြည့်လိုက်ပါ။ တစ်ဖက် စောင်းနင်း ကြီးပါ။ ဘယ်လိုဆင်ခြင်တုံတရားနဲ့ သုံးသပ်ပြီးမှ ဒီစစ်ပွဲမှာ မွတ်စလင်မ်တွေနိုင်မယ်လို့ ပြောမရပါဘူး။ ကုရ်အာန်မှာပါတယ်။ ရစူလ် ကိုယ်တော် ဘာလုပ်သလဲ။ ဒိုအာဆိုတဲ့ စွမ်းအားကိုသူသုံးတယ်။ သူ့မှာအစွမ်းအစတွေ အလ္လာဟ်ကပေးမထားဘူးလား။ ဒီထက်ပိုတဲ့စွမ်းအားကို အဲဒီစွမ်းအားတို့ကို ပေးတော်မူတဲ့အရှင့်ထံမှာ ထပ် တောင်းတာပါ။ ဒိုအာလုပ်လိုက်တယ်။ ကုရ်အာန်ထဲမှာ “မလာအိကာတွေလွှတ်ပြီး အကူအညီပေးတယ်” လို့ပြောတယ်။ “အစ္စလာမ်တွေရဲ့ စိတ်နှလုံးထဲမှာ ကြံ့ခိုင်နိုင်တဲ့ စိတ်နှလုံးတွေ ထည့် ပေးတယ်လို့” တချို့ တဖ်စီရ် ရှင်တွေ ဖွင့်ကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သမိုင်းဖြစ်ရပ် မှာတော့ မွတ်စလင်မ်တွေ နိုင်သွားတယ်။ ဘယ်လိုမှ နိုင် ခြေမရှိတဲ့ စစ်ပွဲမှာ နိုင်သွားပါတယ်။ ဘာကြောင့် နိုင်သွားသလဲ၊ ဘာစွမ်းအားနဲ့ နိုင်သွားသလဲ။ ဘာလက်နက် တွေသုံးပြီး နိုင်သွားပါသလဲ။ လူသားကို အလ္လာဟ်ဖန်ဆင်းကတည်းက အလ္လာဟ်ပေးထားတဲ့ စွမ်းအားတွေကုန်ပြီ၊ အစွမ်းကုန် စွမ်းဆောင်ပြီးပြီ။ သို့သော် နောက်ထပ် စွမ်းအား တစ်ခုရှိသေးတယ်။

အဲဒီစွမ်းအားရဲ့ ကူညီပံ့ပိုး မှုကို အလ်္လာဟ်ထံမှာ ထပ်မံတောင်းယူရတယ်။ ဒါကို “ဒိုအာ” လို့ခေါ်တယ်။ ဒိုအာဟာ အရာရာကို ပြောင်းလဲပစ်နိုင်ပါတယ်။ ဒို့ကတော့ ဘယ်တန်ခိုးရှင်ထံမှာမှ မတောင်းဘူးဆိုတဲ့ ပုဂ်္ဂိုလ်တွေလည်း ရှိတယ်။ ဒီပုဂ်္ဂိုလ်များ အတွက် ကျွန်တော်ခိုင်းနှိုင်းပြီး တင်ပြပါဦးမယ်။ ကျွန်တော်တို့ အစ္စလာမ်က ဘာသာအယူ ၀ါဒ အသီးသီးကို လေးစားပါတယ်။ ဘာသာအယူဝါဒတိုင်းရဲ့ ဇစ်မြစ် အမှန်ဟာ တစ်ခုတည်းသော အကြောင်းအ ရာမှ အကြောင်းခံလာပါတယ်။ လာခြင်းကောင်းတော်မူတဲ့ မဟာလူသား မြတ်တမန်များဟာ အမှန်တရားများ ကို ရှင်းပြဖို့အတွက် ပွင့်ပေါ်လာတာပါ။ ရိုသေလေးစား ဂါရ၀တရားလည်းထားတယ်။ ဒီပုဂ်္ဂိုလ်မြတ်တွေ ယူဆောင်လာတဲ့ မူရင်းတရားများကိုလည်း လက်ခံတယ်လို့ အခြေခံအဖြစ်နဲ့ သတ် မှတ်လိုက်ရ အောင်။ အဲဒီတော့ကျမှ ဘာသာတရားတစ်ခုနဲ့ တစ်ခုသူသာ တယ်၊ ငါသာတယ်၊ ဒါကတော့ ဉဏ်ကြီးသူများရဲ့ တရား၊ ဒါကတော့ နလဗိန်းတုံးများရဲ့ တရား၊ တို့ကတော့ ဉာဏ်ကြီးရှင်များ ရဲ့ တရားလို့ စကားစစ်ထိုးအနိုင်လု ပြောနေတာတွေဟာ ဘယ်လောက်မှားတယ်ဆိုတာ သိလာပါလိမ့်မယ်။

ဒီလို စကားနိုင်လုပြီး တဖက်သားကို နှိမ့်ချပြောနေတာ ဆိုနေတာတွေဟာ အောက်ခြေက လုပ်နေကြတာလို့ပဲ ကျွန်တော်ထင်ပါတယ်။ ကျွန်တော် မာစ်တန်းကြီး တစ်ယောက်နဲ့ တွေ့တော့ ဘာပြော လဲဆိုရင် “အယူဝါဒတွေ ဘာသာတရားတွေ အားလုံးဟာ လူသားတွေက လွတ်မြောက်ဖို့ ကယ်တင်ခြင်းခံရဖို့ အတွက်ပါ။  Liberation ၀ိမုတ်္တိ လွတ်မြောက်မှုပဲ ပြောပြော Salvati on ကယ်တင်မှုပဲပြောပြော ဆင်းရဲ ခပ်သိမ်းဒုက္ခခပ်သိမ်းက ကင်းငြိမ်းစေဖို့က ပန်းတိုင်ပါ။

ဘာသာတရားအားလုံးက အဲဒါကိုပဲ ပြောပါလျက်နဲ့ တို့ဝါဒက ဘာသာ မဟုတ်ဘူး။ Religion မ ဟုတ်ဘူးဆိုပြီး ဘိန်းစားချင်းအတူတူ ဘိန်းတစ်လုံးပိုရှူပြီး ဘာမဟုတ်ဘူး။ ညာမဟုတ်ဘူးဆိုရင် ကျွန်တော်တို့ကလည်း ပြောလို့ ရပါတယ်။ ကျွန်တော်တို့ရဲ့ အစ္စလာမ်ဆိုတာဟာ အသင်္ခတ အရှင်က ဂင်္ဂါဝါဠု၊ သဲစုမကသော မြတ်တမန်အပေါင်းကို စေလွှတ်ပြီးဒီတရားကို ဖြန့်ကျက်ခဲ့တာဖြစ်တဲ့အတွက် ဘယ်ပုဂ်္ဂိုလ်တစ်ဦး တစ်ယောက်ရဲ့ ဆုံးမသြ၀ါဒမှမဟုတ်ဘူး။ ဒါကြောင့် သာ သနာ မဟုတ်ဘူး။ လူသားတွေရဲ့ တွေးခေါ်မှုက ဖြစ်ပေါ်လာတဲ့ အယူဝါဒလည်း မဟုတ် လို့ ဘာသာလည်းမဟုတ်ဘူး။ လူတွေနားလည်လွယ်အောင် ဘာသာလို့ပြောနေရတာ။ အဲဒီ စကား လုံးရဲ့နောက်ကွယ်မှာ ငြိမ်းအေးမှု၊ လွတ်မြောက်မှု Liberation ကယ်တင်နှိုင်တဲ့ Salvation ဆိုတာကို ယုံကြည်လို့ပြောနေ တာပါ။ သို့သော် ကျွန်တော်ပြောနေတာက မိမိစွမ်းအားထက် ပိုသော စွမ်းအားတစ်ခုရှိတယ်ဆိုတာ ဘယ်လိုမှ ငြင်းလို့မရတဲ့ ကိစ္စပါ။

ကျွန်တော်တို့ အင်မတန်လေးစားတဲ့ ဘာသာကြီးတွေထဲမှာ “ဆို၊ က၊ ရေး၊ တီး” ပြိုင်ပွဲတွေမှာတောင်ပြတဲ့ ဇာတ်ကြီးဆယ်ဘွဲ့ ထဲမှာပါတဲ့ ဗုဒ္ဓ၀င်တော်၊ သုဝဏ္ဏရှံ အကြောင်းကို နှိုင်းယှဉ်တင် ပြပါ့မယ်။ အလောင်းတော်အဆိပ်သင့်တဲ့ မျှားမှန်ပြီး သေသွားသလား။ Coma  ၀င်သွားသလားတော့မသိဘူး။ အဲဒီအခါမှာ သူ့ကို ပြန်ရှင်အောင်လုပ်ချင်ပြီ။ ဘယ်လိုလုပ်မလဲ၊ လူသားရဲ့ အစွမ်းတတ်နိုင်သေးသလား။ မိမိကိုယ်သာ ကိုးကွယ်ရာ “အတ္တာဟိ အတ္တာနော နာထော” လို့သာ ဆိုရတယ် အဲဒီခန္ဓာကိုယ်ကို ပြန်ကြည့်လိုက်တဲ့ အခါကြတော့လည်း မမြဲတဲ့ရုပ်နာမ်၊ ဓမ္မ တွေနဲ့ပဲ ဖွဲ့စည်းထားတာပဲတွေ့ရတယ်။

အနတ္တဆိုတဲ့ အတွက် “ငါ” ဆိုတာကလည်းမရှိဘူး။ မမြဲတဲ့အရာချည်းပဲ။ မမြဲတဲ့အရာခြင်းအတူတူ ဘယ်အရာက ဘယ်အရာကို အားကိုးရမှာလဲ၊ အဲဒီအခါမှာ သစ္စာဆိုတယ်။ မိဘရဲ့ မေတ္တာ။ မှန်သောသစ္စာကို ဆိုလိုက်တဲ့အခါမှာ မိဘနှစ်ပါးရဲ့ ကိုယ်ပိုင်စွမ်းအားလည်းမဟုတ်။ သုဝဏ္ဏသာမရဲ့ ကိုယ်ပိုင်စွမ်းအားလည်း မဟုတ်တဲ့ အဲဒီပုဂ်္ဂိုလ်များရဲ့ စွမ်းအားရဲ့အပမှဖြစ်တဲ့ စွမ်းအား က သေသွားပါပြီဆိုတဲ့ မျှားဆိပ်တက်နေတဲ့ သုဝဏ္ဏသာမကို ပြန်ရှင်စေတယ်။ (သေသူကိုပြန်ရှင်စေတဲ့၊ ရှင်သူကို သေစေတဲ့ အကြောင်းတွေ ကုရ်အာန်ထဲမှာ အများကြီးပါ ပါတယ်။)

ဒီမှာတော့ သစ္စာဆိုတဲ့ စွမ်းအားက အစွမ်းထက်တာကြောင့်ပါတဲ့။ သားရွှေအိုးထမ်းလာတာမြင်ချင်ပါတယ်ဆိုတဲ့ မြန်မာစကားပုံအဲဒီကစတာ။ သားကလည်း ပြန်ရှင်လာတယ်။ မိဘနှစ်ပါးက လည်း မျက်စိပြန်မြင်လာတယ်။ လောကီချမ်းသာဖြစ်တဲ့ ရွှေအိုးကြီးလည်းထမ်းလာတယ်။ လောကီ၊ လောကုတ္တရာ နှစ်ဖြာ စလုံး အေးငြိမ်ချမ်းသာဖို့အတွက် ပြင်ပမှစွမ်း အားတစ်ခုလိုအပ် တယ်ဆိုတာ ငြင်းမလား။ ကိုယ်ပိုင်စွမ်းအားတို့နဲ့ မစွမ်းနိုင်တော့ဘူး။ အဲဒီအခါမှာ ပြင်ပမှစွမ်းအားတစ်ခုကို တောင်းခံတယ်။ အဲဒါ ဒုအာပဲ။

အဲဒီတော့ ဘာသာတရားများမှာ ဘုရားစာများကို ရွတ်ဖတ်ကြတယ်။ ကြည်ညိုလေးစား သဒ္ဓါပွားများကြတဲ့အခါ စေတနာရယ်၊ သဒ္ဓါရယ်၊ မေတ္တာရယ်၊ သစ္စာရယ်ဆိုသော ကုသိုလ်တရား စွမ်းအားများကြောင့် ဖြစ်ပွားငြိတွယ်လာတဲ့ အန္တရာယ်များကို ဖယ်ရှားရှင်းလင်းနိုင်တယ်ဆိုတဲ့ အဆိုတွေရှိတယ်။ ဘာသာတရားတွေမှာ နာမ်တရားတို့သည် အသုံးပြုတတ်ပါက အလွန်အ စွမ်းသတ်္တိရှိကြသည်။ လောကသားတို့ အားထားရာဖြစ်သော အထွတ်အထိပ်ပုဂ်္ဂိုလ်များသည်ပင် နာမ်တရား၏စွမ်းအားကို အသုံးပြုတော်မူ၏လို့ ဖော်ပြထားတာတွေရှိပါတယ်။ အဲဒါတွေ သမိုင်းမှာ အထင်အရှားရှိပါတယ်။

အဲဒီပုဂ်္ဂိုလ်များ မလှမ်းမကြွနိုင်အောင် ဖြစ်နေတဲ့ကိုယ်တော်ကို “ဖလသမ္မာပ” ဆိုတဲ့ သမာဓိနာမ်တရားနှင့် ဖာထေးဖွဲ့စပ်ပေးသဖြင့် ကာလရှည်ကြာစွာတည်နေတော်မူနိုင်တယ်။ ဒေသစာရီ လည်း ကြွချီတော်မူနိုင်ပါတယ်။ ဘာသာတရားတွေမှာ ဆန္ဒ စိတ္တ ၀ီရိယနဲ့ ပညာဆိုတဲ့ နာမ်တရားများကို ပွားနေလျှင် အထွတ်အထိပ်ပုဂ်္ဂိုလ်များသည်ပင် အယုကပ်ကုန်ဆုံးသည်အထိ တည် နေနိုင်တယ်လို့ ဟောထားတဲ့ဟောချက်တွေရှိပါတယ်။

အဲဒီ ဆန္ဒ စိတ္တ ၀ီရိယ ပညာတွေကို “ဣတ်္တိပတ်” လို့ခေါ်တယ်။ လူတွေသာမန်သိထားတဲ့ တန်ခိုးပြာဋိဟာလို့ မမှတ်ရပါဘူး။ နာမ်တရားများရဲ့ အစွမ်းသတ်္တိကြီးပုံပေးထားတဲ့ ဟောချက်များရှိ ပါတယ်။ ဘာသာတရားများရဲ့ ဘုရားစာ၊ တရားစာများကို ရွတ်ဖတ်ကြတဲ့အတွက် ထွက်ပေါ်လာတဲ့ စေတနာ၊ သဒ်္ဓါ၊ မေတ္တာ သစ္စာဆိုတဲ့ နာမ်တရားတို့ဟာ ဘာဝနာသို့ မရောက်သေးသည့် တိုင် ကြိမ်ဖန်များစွာပွားများနေလျှင် ထူးခြားသော သတ်္တိရှိကြောင်း ထင်ရှားပါတယ်လို့ မြွတ်ကြားထားတာ တွေရှိပါတယ်။ ဒါကြောင့်မို့ လူတွေအားလုံးသတ္တ၀ါတွေအားလုံး လောကသား တွေအားလုံးတို့ဟာ အလိုအကြိုက်အမျိုးမျိုး ရှိကြရာ မိမိတို့လိုလားချက်၊ ရည်မှန်းချက်ပန်းတိုင် ရရှိဖို့အတွက် ရည်ညွန်းခြင်း၊ စိတ်ညွတ်ခြင်း၊ စိတ်ကိုပွားများခြင်း၊ တောင့် တခြင်း၊ လွန်လွန် ကဲကဲပြုခြင်းတွေကိုပင် ဆုတောင်းလို့ခေါ်ပါတယ်။ အဲဒီဆုတောင်းတဲ့အခါ လူနတ် နိဗ္ဗာန်ချမ်းသာကို ရစေရန် အထောက်အပံ့ပြုသောဒါန၊ ဘာဝနာ၊ သီလတို့ကို ပြုလုပ်၍ ဆုတောင်းကြပါ တယ်။ ဆုတောင်းမှုဟာ လူတိုင်းမှာရှိကြပါ တယ်။ တရားကျင့်သူကို တရားကစောင့်လိမ့်မယ်ဆိုတဲ့ အဆိုတစ်ရပ်လည်းရှိပါတယ်။ ထိုသူကို စောင့်ရှောက်ဖို့ သူ့ပြင်ပမှ တစ်စုံတစ်ခုရှိတယ်ဆို တာကို အသိအမှတ်ပြုထားတာပဲမဟုတ်လား။ တရားစောင့်သူကို နတ်ကောင်းစောင်မမယ် ဆိုတာလည်း ရှိသေးတယ်။ နှိုင်းယှဉ် စဉ်းစားကြည့်တတ်ဖို့တော့ လိုပါတယ်။

ဆုတောင်းမှုဟာ မိမိတို့ရဲ့ အပမှာရှိသော စွမ်းအားတစ်ခုကို အားထားလိုက်တာပါ။ အဲဒီစွမ်းအားကို သစ္စလို့ ပဲခေါ်ခေါ်၊ ခုနကပြောတဲ့ကျမ်းစာများရဲ့ မှန်ကန်မှုကြောင့် ဖြစ်ပေါ်လာရသော အာနိသင်လို့ပဲပြောပြော၊ ကိုယ်မှ အပဖြစ်သော စွမ်းအား တစ်ခုကို မှီရပါ၏လို့အဓိပ်္ပာယ်ထွက်နေတာကို ဘယ်လိုမှ ငြင်းလို့မရပါဘူး။

အဲဒါကြောင့် အစ္စလာမ်ရဲ့ ဆုတောင်းခန်းဒိုအာဟာ လူ သားတွေကို လူသိမ်လူညံ့တွေဖြစ်အောင်လုပ်နေတာမဟုတ် ပါဘူး။ ဘက်စုံထူးချွန်တဲ့ လူချွန်လူကောင်းတွေဖြစ်လာအောင် အင်အားတွေ စုစည်းနေတဲ့ အင်အားစုနည်းတစ်ရပ်ဖြစ်ပါ တယ်။ အလ္လာဟ်ပေးထားတဲ့ ကိုယ်ပိုင်စွမ်းအားနဲ့ ဘယ်လိုမှဖြေရှင်းလို့မရနိုင်တဲ့အခါ စွမ်းအားများရဲ့ မူလဘူတ စွမ်းအားတို့ရဲ့ ရေသောက်မြစ်ကြီးဖြစ်တဲ့ စွမ်းအားစုကြီး (အလ္လာဟ့်ကွတ်ဒရသ်) ထံ မှ ထပ်ဆောင်းတောင်းခံပါ တယ်။ အဲဒီ Force တွေကနေ ထပ်ဆောင်းပြီး အစောင်အမ Aid တွေရပါလိမ့်မယ်။ အကူအညီတွေ ရပါလိမ့်မယ်။ အဲဒါအစ္စလာမ်က ပြထားတဲ့ ဒိုအာပါ။ အဲဒါ တွေနဲ့မိမိကိုယ်ပိုင် မဖြေရှင်းနိုင်တာကို ဖြေရှင်းနိုင်ပါတယ်။

အလ်ဟဂ်ျ ဦးအေးလွင် ၏ (နွေရာသီမွန်းမံသင်တန်းပို့ချချက်မှ ကောက်နှုတ်တင်ပြသည်။)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s