မီဒီယာနှင့်ဂျင်ဒါ ရေးသူဂျူး

အမျိုးသမီးနှင့်မီဒီယာဟူသော စကားလုံးတွဲကို စဉ်းစားတိုင်း ကျွန်မအာရုံတွင် ပေါ်လာသော ကြော်ငြာလေးတခု ရှိသည်။ အဲဒါက နှစ်အနည်းငယ် ကြာမြင့်ခဲ့ပြီဖြစ်သော မြန်မာ့ရုပ်မြင်သံကြား ကြော်ငြာတခု ဖြစ်သည်။ ပန်းကန်အိုးခွက်ဆေးသည့် ဆပ်ပြာရည်တခုကို ကြော်ငြာခြင်းဖြစ်သည်။ ခိုင်သင်းကြည်က ပန်းကန်ဆေးပြသည်။ ခိုင်သင်းကြည် လှပါသည်။ ချစ်စရာ လည်းကောင်းပါသည်။ ပန်းကန်ကို ထိုဆပ်ပြာရည်ဖြင့် ဆေးပြသည့်အခါ တောက်ပပြောင်လက်သွားသည်ကို ပြသည်။ ဘယ်လောက်တောင် စင်ကြယ်သွားသလဲဆိုလျှင် ပန်းကန်ကို မင်းသမီးက လက်ညှိုးလေးဖြင့် ထောက် ခြစ်ကြည့်သည့်အခါ ဂျရစ် ဂျရစ်ဟု မြည်သွားသည့် ခံစားချက်ကို ကြည့်သူတွေထံမှာ ရလိုက်သည်။ အားလုံးပဲ တောက်ပြောင်သွားတာပဲတဲ့။ ကြော်ငြာက ပြောစရာ မရှိ၊ အပိုအလိုမရှိပါ။ ဂီတနှင့် ပုံရိပ်တွေက အဆင်ပြေချောမွေ့ပါသည်။ သို့သော် ကျွန်မက အဲဒီကြော်ငြာကို ကြည့်မိတိုင်း ဂျင်ဒါ (Gender) ခွဲခြားမှုကြောင့် အလေ့အထ ထုံးစံဖြစ်နေရသည့် ကျွန်မတို့နိုင်ငံ၏ ခံယူချက်ကို သတိထားမိသည်။

ခိုင်သင်းကြည်က ဘာဖြစ်လို့ ကြော်ငြာရတာလဲ။ လွင်မိုး သို့မဟုတ် ခန့်စည်သူ သို့မဟုတ် ကျော်ရဲအောင် မင်းသားတယောက်ယောက်ကို မသုံးဘဲ ဘာဖြစ်လို့ မင်းသမီးလေးကို ပန်းကန်ဆေးခိုင်းတာလဲ။ ဘာကြောင့်လဲ ဆိုတော့ မီးဖိုချောင်ကိစ္စက မိန်းမတွေ၏ကိစ္စအဖြစ် အားလုံးက မေးခွန်းမရှိ၊ သံသယမရှိ လက်ခံထားကြလို့ပဲပေါ့။ ခိုင်သင်းကြည်နေရာတွင် ကျော်ရဲအောင်ကို ပန်းကန်ဆေးခိုင်းကြည့်ပါလား။ ပရိသတ်၏ အမြင်ကိုက ရယ်စရာကြီး ဖြစ်သွားမှာပေါ့။ ယောက်ျားတယောက် ပန်းကန်ဆေးတာ ဟင်းချက်တာဟာ ရယ်စရာဟု အမျိုးသမီးပရိသတ်တွေ ကိုယ်တိုင် ခံယူထားမှာ သေချာပါသည်။ ဒါက ဂျင်ဒါ (Gender) အရ အလုပ်အကိုင်နှင့် အနေအထားကို ခွဲခြားပစ်မိလိုက်ကြခြင်း ဖြစ်သည်။
ကျွန်မတို့ မြန်မာအမျိုးသမီးတွေကို မီဒီယာမှာ အထူးသဖြင့် အစုအဝေးမီဒီယာ (Mass media) မှာ ဘယ်လိုအသုံးပြုနေသလဲ။ ဘယ်လို သဘောထားအမြင်တွေဖြင့် ဖော်ပြခံရနေသလဲ။ အရင် ကျွန်မ အမြဲ သတိထား လေ့လာမိတတ်၏။ ယခုတော့ ကျွန်မ မြန်မာ့ရုပ်မြင်သံကြားကို သိပ်မကြည့်ဖြစ်တော့ပါ။ သိပ်မကြည့်ဆို လုံးဝမကြည့်ဖြစ်သလောက်ရှိတာ နှစ်နှစ်လောက် ရှိပြီ။ ပျက်အစဉ် ပြင်ခဏ ဆိုသော မြန်မာစကားပုံ တခုကို မလိုက်နာမိလို့ ဖြစ်သည်။ ပစ္စည်းတခု ပျက်နေတာကို ဒီအတိုင်းပဲ ကြည့်နေလျှင် အစဉ်အမြဲ ပျက်နေမည်။ ပြင်လိုက်လျှင် ခဏကလေးတဲ့။ မေမေ ခဏခဏ ရေရွတ်သော စကားပုံမို့ ကျွန်မနှင့် ရင်းနှီးနေခဲ့တာ ငယ်ငယ်တုန်းကတည်းကပါပဲ။ သို့သော် ကျွန်မ၏ ရုပ်မြင်သံကြားစက်ကို ယုန်နားရွက်အင်တင်နာ လေးဖြင့် လိုင်းဖမ်းမမိတာကိုတော့ အခုထိ ဘာမှ ထပ်မလှုပ်ရှားဘဲ ပျက်အစဉ် နေ နေခဲ့တာ နှစ်နှစ်လောက် ရှိပြီ ထင်သည်။ ထို့ကြောင့် ကျွန်မ ရုပ်မြင်သံကြား အစီအစဉ်တွေကိုလည်း မသိတော့ပါ။ အခုအခါ ကျွန်မ၏စက်သည် ရုပ်ရှင်ကြည့်ပိတ်ကား မှန်သားပြင်တခုထက် မပိုတော့တာ ကြာပါပြီ။
တလောတုန်းက ပြည်တွင်း အန်ဂျီအို(N.G.O) အဖွဲ့အစည်းတခုက ကျွန်မကို မီဒီယာနှင့်ဂျင်ဒါ (Media and Gender) အကြောင်း ပြောပြပေးပါဟု တောင်းဆိုလာသဖြင့် ကျွန်မလည်း ဂျင်ဒါကို အမြဲ သတိထားလှုပ်ရှား ဆောင်ရွက်တတ်သူဖြစ်လို့ လက်ခံလိုက်ပါသည်။ မီဒီယာတွင် ကျွန်မ သတိထားမိခဲ့သော အမျိုးသမီး အမျိုးသား မတူညီသည့် ခံယူချက်၊ မတူညီသည့် ဝေစု မတူညီသည့် ဆက်ဆံခံရမှု ဒါတွေကို ကျွန်မထည့်ပြော ရှင်းပြခဲ့ရတာ ဖြစ်သည်။ ကျွန်၏ ရုပ်မြင်သံကြားဗဟုသုတသည် နှစ်နှစ်လောက် ဒိတ်အောက်နေပြီ ဆိုပါစို့။ ခေတ်နှင့် မလျော်ညီဘူး ဖြစ်နိုင်သည်။ နှစ်နှစ်ဆိုသော ကာလသည် မြန်မာ Mass media အတွင်း အပြောင်းအလဲတွေ ဖြစ်ဖို့ လုံလောက်သော ကြာမြင့်မှုကာလ ဖြစ်နေခဲ့လျှင်ပေါ့။ သို့မဟုတ် နှစ်နှစ်ကာလသည် မြန်မာမီဒီယာကို ကြီးမားသည့် အပြောင်းအလဲ ဖြစ်စေအောင် သက်ရောက်မှု မပေးနိုင်သေးဘူးဆိုရလျှင် ပြောသူနှင့် နားထောင်သူ ဟန်ချက်ညီမှာပေါ့။ ယခုအခါ ထိုပြောပွဲမှ အကြောင်းအရာများကိုပင် ဆောင်းပါးအဖြစ် ဖော်ပြလိုက်ခြင်း ဖြစ်ပါသည်။ ခေတ်မီသော မီဒီယာသုံးစွဲသူတို့ အနေဖြင့်တော့ အချိန်ကာလကို နှစ်နှစ်လောက် နောက်ပြန်ဆုတ်ပြီး ဖတ်ရှုမှ အဆင်ပြေမည် ထင်ပါသည်။
ဂျင်ဒါနှင့် မီဒီယာအကြောင်း မပြောခင် ဂျင်ဒါ (Gender) ဆိုသော စကားလုံးကို အရင်ရှင်းပြဖို့ လိုပါလိမ့်မည်။

ဂျင်ဒါဆိုတာ ဘာလဲ။
မိန်းမ ယောက်ျား အမျိုးအစားခွဲခြားဖို့ လိင် (sex) ဆိုသော စကားလုံးကို သတ်မှတ်ထားသည်။ တနည်းအားဖြင့်တော့ ဂျင်ဒါဆိုသည်မှာလည်း လိင် ဆိုသည့် စကားလုံးနှင့် ဆင်တူပါပဲ။ သို့သော် အဓိပ္ပါယ်သက်ရောက်မှု နည်းနည်းကွဲသည်။ sex ဆိုသည့် လိင်တွင် မိန်းမ ယောက်ျားကို ဇီဝဗေဒနည်းဖြင့် ခွဲခြားသတ်မှတ်သည်။ သဘာဝအတိုင်း လိင်ကွဲပြားမှုဖြစ်သည်။ အမျိုးသမီးမှာ ပါသည့် လိင်အင်္ဂါနှင့် အမျိုးသားမှာပါသည့် လိင်အင်္ဂါမတူ။ ထို့ကြောင့် ဆောင်ရွက်မှုတွေကလည်း မတူ။ အမျိုးသမီးက ကိုယ်ဝန်ဆောင်မည်။ ကလေးမွေးမည်။ နို့တိုက်မည်။ အမျိုးသားက ကိုယ်ဝန်မဆောင်နိုင်။ ကလေးမမွေးနိုင်။ နို့မတိုက်နိုင်။ ဒါက သဘာဝ မွေးကတည်းက ခွဲခြားပေးလိုက်သည့် လိင်ကွဲပြားမှု။
ဂျင်ဒါကျတော့ အဲသည်လိုမဟုတ်။ အနေအထိုင်၊ အမူအကျင့်၊ ယုံကြည်မှု၊ တာဝန်ခွဲဝေမှု၊ လူမှုဝန်းကျင်၏ အခန်းကဏ္ဍ စသည် စသည်ဖြင့် တဖြည်းဖြည်း သတ်မှတ်ခွဲခြားခံရသော ကွဲပြားမှုကို ဂျင်ဒါဟု ခေါ်ခြင်းဖြစ်သည်။ ယဉ်ကျေးမှု၊ ဘာသာရေး၊ လူမှုရေး တို့နှင့် ဆက်နွှယ် တွန်းအားပေးခံရခြင်းကြောင့် ကွဲပြားသွားသော သတ်မှတ်မှုများ ဖြစ်သည်။
မိန်းမက ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးသည်။ ယောက်ျားကကိုယ်ဝန်မဆောင်၊ ကလေးမမွေး။ ဒါက လိင် (Sex) ဖြစ်သည်။ မိန်းမက မီးဖိုချောင်ထဲတွင် ချက်ပြုတ်သည်။ ယောက်ျားက အပြင်ထွက် စီးပွါးရှာသည်။ ဒါကျတော့ လိင်မဟုတ်တော့ဘဲ ဂျင်ဒါကြောင့် ကွဲပြားမှု ဖြစ်သွားသည်။ မိန်းကလေးတွေ သေစာ ရှင်စာ တတ်လျှင်တော်ပြီ။ ယောက်ျားလေးကတော့ ပညာတတ်မှ ဖြစ်မည်။ ဒါက လိင်ကွဲပြားမှု မဟုတ်တော့၊ ဂျင်ဒါ (Gender) ကွဲပြားမှု ဖြစ်သွားပြီ။ သဘာဝက ခွဲခြားပေးတာ မဟုတ်ဘဲ လူမှုရေးနယ်ပယ်၊ ဘာသာရေး နယ်ပယ်၊ ယဉ်ကျေးမှုနယ်ပယ်တို့က ခွဲခြားပေးမှုကြောင့် အခန်းကဏ္ဍတွေ တာဝန်ယူမှုတွေ ကွဲပြားသွားရတာကို ဂျင်ဒါကြောင့် ခွဲခြားဆက်ဆံခံရခြင်းဟု သတ်မှတ်ပါသည်။
ကျွန်မတို့ မြန်မာနိုင်ငံတွင် ဂျင်ဒါခွဲခြားခြင်းကြောင့် အမျိုးသမီးတွေ နစ်နာတာက အနည်းအကျဉ်းသာ ဖြစ်သည်ဟု ဆိုနိုင်သည်။ တချို့ နိုင်ငံတွေမှာတော့ ဂျင်ဒါခွဲခြားခံရမှုကြောင့် အသက်ဆုံးရှုံးသည်အထိ နစ်နာရတာတွေ ရှိပါသည်။ ဥပမာ တရုတ်နိုင်ငံတွင် ဟိုအရင်ကတည်းက မိန်းကလေးကို နှိမ်ချပြီး ယောက်ျားလေးကို မြှောက်စားသဖြင့် မိန်းကလေးမွေးသည့် မိဘတွေ မျက်နှာငယ်ရတာ မိန်းကလေးတွေ မျက်နှာငယ်ရတာ။ ခြေထောက်ကို သေးကွေးပြီး လမ်းလျှောက်ဖို့ မဖြစ်နိုင်လောက်အောင် ချိုးဖဲ့စည်းနှောင် ထားတာတွေ ရှိခဲ့သည်။ ထို့ကြောင့် ထိုခေတ်ကတည်းက မိန်းကလေးမွေးလျှင် မလိုချင်သဖြင့် ကလေးတွေကို သတ်ပစ်ခဲ့ကြသည်။ အခုခေတ်လို မိသားစုတခုတွင် ကလေးတယောက်သာ ယူရမည်ဟူသည့် စည်းမျဉ်းဥပဒေ ထုတ်လိုက်သည့်အခါ တယောက်တည်းသော ကလေးကို ယောက်ျားလေးသာ ဖြစ်ချင်ကြသည်က တကြောင်း၊ နည်းပညာတိုးတက်လာသဖြင့် ကိုယ်ဝန်ကို အာလ်ထရာဆောင်း ခေါ် တီဗွီဓာတ်မှန် ရိုက်ကြည့်လို့ ရသည်မို့ တကြောင်း၊ သန္ဓေသားက မိန်းကလေးမှန်းသိလျှင် ကိုယ်ဝန်ကို ဖျက်ချပစ်ကြသည်။ အိန္ဒိယနိုင်ငံတွင်လည်း မိန်းကလေးရှင်တွေက ယောက်ျားလေးကို တင်တောင်းရသည့် ဒိုဝီ ထုံးစံရှိသည်မို့ မိန်းကလေးတွေ မျက်နှာငယ်ရသည်။ ကျွန်မသာဆိုလျှင် ပိုက်ဆံမရှိလို့တကြောင်း ထိုအစဉ်အလာကို ချိုးဖောက်လို၍တကြောင်း တင်မတောင်း အိမ်ထောင်မပြုဘဲ နေပစ်လိုက်မှာပေါ့ဟု ပေါ့ပေါ့တွေးလို့ မရနိုင်ပါ။ အိမ်ထောင်မကျဘဲ နေသည့် မိန်းကလေးတွေကို တခုခုချို့ယွင်းနေသည့် အမျိုးအစားအဖြစ် မတူမတန် ခွဲခြားဆက်ဆံခံရသည့်အခါ မိသားစုလည်း မျက်နှာငယ်ရမည်။ မိန်းကလေးလည်း မျက်နှာငယ်ရမည်။ တော်တော် အနေရကြပ်သော အခြေအနေ ဖြစ်ပါလိမ့်မည်။
မြန်မာနိုင်ငံမှာတော့ အဲသည်လောက် သိသာထင်ရှားသော ချိုးနှိမ်မှုတွေ မရှိပါ။
မီဒီယာအကြောင်း အနည်းငယ် လေ့လာကြည့်ကြပါမည်။

မီဒီယာ
မီဒီယာတွင် ပုံနှိပ်မီဒီယာ၊ လေလှိုင်းမီဒီယာ၊ အီလက်ထရွန်းနစ်မီဒီယာဟု အကြမ်းဖျဉ်း ခွဲခြား သတ်မှတ် နိုင်သည်။
ပုံနှိပ်မီဒီယာတွင် ရှေးခေတ် ကျောက်ကိုထွင်းသော ကျောက်စာများမှ ပေရွက်ပေါ်မှာ စာတင်သော ပေစာခေတ်တို့ကိုပါ ထည့်သွင်းမည်ဆိုပါက လေ့လာရတာ ပိုပြီး ကျယ်ပြန့်လာနိုင်ပါသည်။
လေလှိုင်းမီဒီယာတွင် ရေဒီယိုဖြင့် အသံလွှင့်သော သတင်းများ၊ သုတ ရသ အကြောင်းအရာများ ပါဝင်ပါသည်။
အီလက်ထရောနစ်မီဒီယာတွင် မတ်စ်မီဒီယာခေါ်သော တီဗွီရုပ်မြင်သံကြားမှ အစပြုပြီး ဗွီဒီယို၊ ဖလင်၊ ဒီဗွီဒီပြသမှု အားလုံးပါဝင်ပါသည်။
ယနေ့ခေတ်တွင် မြန်မာနိုင်ငံတွင် လေလှိုင်းမီဒီယာ ဖွံ့ဖြိုးတိုးတက်နေပြီဟု ခေါ်နိုင်ပါသည်။ ရုပ်မြင် သံကြား ပေါ်ခါစက ရေဒီယိုလေလှိုင်းကို စွန့်ပယ်ကာ အသံပါမက ရုပ်ကိုပါ ရောင်စုံဖြင့်မြင်ရသော ရုပ်မြင်သံကြားကို ဖက်တွယ်ကြသည်။ ယခုအခါတွင်တော့ မြန်မာ့အသံဟုခေါ်သော အေအမ်လိုင်းပါမက ရန်ကုန် အက်ဖ်အမ်၊ မန္တလေးအက်ဖ်အမ် လိုင်းတို့ဖြင့်ပါ ပြည်သူလူထုကို ဆွဲဆောင်နိုင်နေပြီ။ လှိုင်းလတ် medium wave သာမက လှိုင်းတို short wave ဖြင့် တခြားနိုင်ငံက အသံလွှင့်ဌာနတို့ကို နားထောင်နိုင်သည်။ ထို့ကြောင့် လေလှိုင်းမီဒီယာသည်လည်း အရှိန်အဟုန်ဖြင့် ထိုးဖောက်လာနေပြီဟု ဆိုနိုင်ပါသည်။ ထိုအခါ ထိုမီဒီယာ၏ ကောင်းကျိုး ဆိုးကျိုးကို အလျင်အမြန် လက်ခံရသည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်လျှင်လည်း ပြည်သူအတွင်း ပျံ့နှံ့အောင် ထိထိရောက်ရောက် တွန်းအားပေးနိုင်မည်။ ထို့ပြင် လေလှိုင်းမီဒီယာ ရေဒီယို ထုတ်လွှင့်မှုသည် တခြားမီဒီယာနှင့်စာလျှင် ကုန်ကျစရိတ် သက်သာသည်။ ထိရောက်သည်။
ကောင်းပါပြီ။ ကျွန်မတို့ မီဒီယာမှ ဘာတွေကို ရရှိနေပါသလဲ။
သတင်းအချက်အလက်များ(information) ကို ရသည်။ တဦးနှင့်တဦး ဆက်သွယ်မှု (communication) ကို ရသည်။ ဖြေဖျော်မှု (entertainment) ကို ရသည်။ ကြော်ငြာ (advertisement) စိတ်ကူးစိတ်သန်း (idea) တွေ ရသည်။ ယဉ်ကျေးမှု (culture) ကို ရသည်။ ထို့အပြင် ကျွန်မတို့ မိရိုးဖလာ လက်ခံမှုတွေမှ အပ ဖြစ်သော တခြားတန်ဖိုးများ (value) ကို ရသည်။ ရတာတွေကတော့ အများကြီးပါပဲ။ လိုချင်သည် ဖြစ်စေ မလိုချင်သည် ဖြစ်စေ မီဒီယာက ကျွန်မတို့ကို နေ့စဉ်နှင့်အမျှ ထိုအရာတွေကို ပေးဝေနေခဲ့သည်။
မီဒီယာက ကျွန်မတို့ကို ဘယ်လို အကျိုးဆောင်ပေးပါသလဲ။
Diversion မူလပင်ကိုယ်အနေအထားမှ ခွဲထွက်မှုကို ပေးသည်။ အလုပ်ကြောင့် စိတ်ညစ်ရတာတွေ မိမိရင်ဆိုင်နေရသော ပြဿနာတွေမှ ရှောင်ဖယ်ဖို့ မီဒီယာက ကျွန်မတို့ကို အသာလေး ဆွဲဆောင်သွားသည်။ စိတ်ထွက်ပေါက်ရသွားသည်။
Personal relationship ပုဂ္ဂိုလ်ရေး ဆက်နွှယ်မှုကို ပေးသည်။ တဦးတည်း မဟုတ်သော အဖော်ပြု ပေးမှုကို ရသည်။ သီချင်းတပုဒ်ကို နားထောင်လျှင် ရုပ်မြင်သံကြားမှ တခုခုကို မြင်တွေ့ရလျှင် သတင်းတပုဒ်ကို မြင်တွေ့ နားထောင်ရလျှင် မိမိတဦးတည်း မဟုတ်ဘဲ ဘေးမှာ အဖော်တယောက် ရှိနေသလို ပြည့်စုံစေသည်။ ထို့အပြင် မီဒီယာမှ ရရှိသော ရသ သုတ သတင်းအချက်အလက် တခုခုကို ကိုယ်တဦးတည်း ခံယူသည် မဟုတ်ဘဲ ကိုယ့်အပေါင်းအဖော်များအတွင်း ချပြ ဆွေးနွေးကြခြင်းဖြင့် မိမိ၏ ပေါင်းသင်းဆက်ဆံရေးကိုပါ တိုးပွါး စေသည်။
Personal identity ပုဂ္ဂိုလ်ရေး တည်ရှိမှုကို ပေးသည်။ မိမိဘေးက လူမှုရေးကမ္ဘာမှ ခွဲထွက်ပြီး မိမိကိုယ်တိုင်၏ တည်ရှိမှုကို သတိရစေသည်။ ဆင်ခြင်သုံးသပ်စေသည်။
Surveillence မျက်ခြေမပြတ် ခေတ်မီသည်ဟူသော ကိုယ့်ကိုယ်ကို ကျေနပ်စိတ်ကို ရသည်။ သတင်းများကို စောင့်ကြည့်ခြင်း၊ နားထောင်ခြင်း၊ နိုင်ငံနှင့် ကမ္ဘာ၏ အဖြစ်အပျက်များကို ကိုယ်တိုင်မြင်တွေ့ သိရှိနေသလို ခံစားရခြင်း စသည့် စိတ်ခံစားချက်များကို ပေးသည်။
ဒါဖြင့် အမျိုးသမီးနှင့် မီဒီယာ ဘယ်လိုဆက်နွှယ်ပါသလဲ။
ဂျင်ဒါနှင့်မီဒီယာ၏ ဆက်စပ်မှု အကျိုးဆက်ကို သိလိုလျှင် အမျိုးသမီးနှင့်မီဒီယာကို အရင်လေ့လာကြည့် ရမည် ဖြစ်ပါသည်။
၁။ မီဒီယာဖန်တီးသူ သို့မဟုတ် မီဒီယာဖြင့် အသက်မွေးသူ အမျိုးသမီးများ (media person women)
၂။ မီဒီယာ၏ ပရိသတ်အမျိုးသမီးများ (audience women)
၃။ မီဒီယာထဲတွင် အသုံးချခံရသော အမျိုးသမီးများ (women in media) ဟူ၍ သုံးပိုင်း ခွဲခြားကြည့် ပါမည်။

၁။ မီဒီယာဖန်တီးသူ
မီဒီယာဖန်တီးသူ မီဒီယာဖြင့် အသက်မွေးသူ အမျိုးသမီးများမှာ ကျောက်စာရေးထွင်းသည့် ပုဂံခေတ် ကတည်းက အထင်အရှား ရှိခဲ့သည်။ ပုဂံခေတ်တွင် အမျိုးသမီးများ ဘုရားတည်ခြင်း၊ ကျောင်းဆောက်လှူဒါန်း ခြင်း၊ ကျောက်စာရေးထိုးခြင်း တို့ကို ပြုလုပ်ခဲ့ကြသည်။ မိန်းမသူကြီးများ၊ မိန်းမသူကြွယ်များအနက် နာမည်ကျော် သော ကျောက်စာ နှစ်မျိုးရှိခဲ့ပါသည်။ သိင်္ဃသူ့ သမီးကျောက်စာနှင့် ဖွားစောကျောက်စာ ဖြစ်သည်။ သိင်္ဃသူ့သမီး ကျောက်စာက ငြိမ်းချမ်းသည်။ အလိုရမက်ကင်းသည်။ တရားရှိသည်။ နှလုံးသိမ်မွေ့သည်။ ဖတ်ရသူကို ကြည်လင် အေးချမ်းစေသည်။ အချင်းချင်း အညှိုးအတေး အမျက်မရှိ ချစ်ခြင်းမျက်စိဖြင့်သာ ကြည့်သောသူများ ဖြစ်ကြပါ စေတဲ့။ ဖွားစောကျောက်စာကျတော့ အတ္တတွေ ပြည့်နေသည်။ မာန်မာနတွေ ပြည့်နေသည်။ ဘာပဲဖြစ်ဖြစ် ထိုကျောက်စာရေးထိုးသူ မီဒီယာအမျိုးသမီးနှစ်ဦးသည် မတူညီသော ဦးတည်ချက်တွေဖြင့် မီဒီယာကို ဖန်တီးခဲ့ကြသည်။ ကျွန်မတို့ နောင်လာနောက်သားတွေ လေ့လာစရာ ဖြစ်သည်။
ပေစာခေတ်တွင် အနောက်နန်မးတော် မမြလေးနှင့် သူ့သမီး လှိုင်ထိပ်ခေါင်တင်တို့သည် ထင်ရှားသော မီဒီယာအမျိုးသမီးများ ဖြစ်ခဲ့ကြသည်။ မိဖုယားနှင့် အိမ်ရှေ့စံ မိဖုယားတို့ ဖြစ်စေကာမူ ကဗျာလင်္ကာ ပြဇာတ်ရေးဖွဲ့ဖို့ ဆန္ဒပြင်းပြသဖြင့် ရေးဖွဲ့ခဲ့ကြသည်။ ယနေ့ခေတ်အထိ ကျွန်မတို့ ထိုစာတွေကို လေ့လာဖတ်ရှု ခံစားနေဆဲ ဖြစ်သည်။ မြန်မာအမျိုးသမီးတွေကို စာရေးသူအဖြစ် ပုဂံခေတ်ကတည်းက လက်ခံခဲ့ကြတာမို့ အင်းဝခေတ်၊ ကုန်းဘောင်ခေတ်မှာ လှိုင်ထိပ်ခေါင်တင်တို့ သားအမိကို မီဒီယာပါဆင် media person တွေအဖြစ် လက်ခံကြတာပေါ့။ မြန်မာနိုင်ငံတွင် အမျိုးသမီးအပေါ် ချိုးနှိမ်ခြင်း၊ တဆင့်နှိမ့်ထားခြင်း နည်းပါးသည့် ပြယုဂ်တခုပင် ဖြစ်သည်။
ထို့အတူ ကိုလိုနိခေတ်နှောင်းပိုင်းနှင့် ယနေ့ခေတ်တိုင်အောင် လူထုသတင်းစာမှ လူထုဒေါ်အမာသည် မြန်မာနိုင်ငံတွင် လေးစားထိုက်ဖွယ် ထင်ရှားသော အမျိုးသမီးမီဒီယာပြယုဂ်ဖြစ်သည်။ ကမ္ဘာက အသိအမှတ်ပြုရ လောက်အောင် မီဒီယာဖြင့် နိုင်ငံကို ပုံသွင်းသည့်နေရာတွင် ရှေ့ဆုံးက ပါဝင်ခဲ့သည်ဟု ဆိုရပါမည်။ ထို့နောက် အမျိုးသမီးစာရေးဆရာမသုံးဦးဖြစ်သည့် ခင်ဆွေဦး၊ ကလျာ(၀ိဇ္ဇာ-သိပ္ပံ)၊ မလေးလုံ တို့ တည်ထောင်သော စပယ်ဖြူမဂ္ဂဇင်း၊ ကလျာမဂ္ဂဇင်းနှင့် လုံမလေးမဂ္ဂဇင်းများ ပေါ်ပေါက်လာသည်။ အမျိုးသမီး မဂ္ဂဇင်းဆိုသော်လည်း ထိုသုံးမျိုးက ထူးခြားသည်။ ဖက်ရှင်အလှအပ၊ ချက်နည်းပြုတ်နည်း၊ ဇာထိုးပန်းထိုးတို့ကို ဦးစားပေးသည် မဟုတ်ဘဲ အတွေးအမြင်၊ နိုင်ငံတကာစာပေ အနုပညာနှင့် သုတရသတို့ကို ထည့်သွင်းဖော်ပြခြင်း ဖြစ်သည်။ ထိုမဂ္ဂဇင်းတို့သည် အမျိုးသမီးပရိသတ်အတွက်ချည်းမဟုတ် ဂျင်ဒါ တိမ်းညွတ်မှု မရှိသော လွတ်လပ်သည့် စာပေအနုပညာကို ထည့်သွင်းထုတ်ဝေခြင်း ဖြစ်ပါသည်။ ယနေ့မှာတော့ ခေတ်ပေါ် ဂျာနယ်၊ မဂ္ဂဇင်းတို့တွင် မီဒီယာအမျိုးသမီးများစွာ ပေါ်ထွက်လာနေသည်။ လေလှိုင်းမီဒီယာဖြစ်သော အက်ဖ်အမ်အစီအစဉ်တွေများစွာ ပေါ်ပေါက်လာသည်။ ရန်ကုန်စီးတီးအက်ဖ်အမ်၊ မန္တလေးစီးတီးအက်ဖ်အမ်၊ တောင်ကြီး ချယ်ရီ အက်ဖ်အမ် စသည် စသည်….။ သည်တော့ အမျိုးသမီးတွေ အပေါ်ထားသည့် သဘောထားကို လေ့လာစရာနေရာတွေ ပိုများလာပါ သည်။
ကျွန်မ တူတွေ တူမတွေ ငှားပြီးကြည့်နေသည့် မြန်မာကားတွေကို တခါတခါ အမှတ်မထင် ၀င်ကြည့်မိသည်။ ဒါရိုက်တာ ဘယ်သူမှန်း၊ ဇာတ်ညွှန်းဘယ်သူမှန်း မသိသော်လည်း ပြကွက်နှင့် အပြန်အလှန် စကားပြောခန်းများကို တွေ့ရုံဖြင့် ဒါက အမျိုးသားရေးသည့်ဝတ္ထုလား၊ အမျိုးသားဇာတ်ညွှန်ဆရာရေးသည့် ဇာတ်ညွှန်းလား ခန့်မှန်းကြည့်လို့ ရသည်။ တခါတခါ ကျွန်မက ကလေးတွေကို ၀င်ပြောမိသည်။ ကြည့်စမ်း။ ဒီလိုစကားမျိုး ဇာတ်ကောင်တွေကို ပြောခိုင်းတဲ့ ဇာတ်ညွှန်းဆရာဟာ ယောက်ျားပဲ ဖြစ်ရမယ်။ ဇာတ်ညွှန်းဘယ်သူ တဲ့လဲဟု မေးမိသည်။ တကယ်လည်း အဲဒါက မိန်းမရေးတာမဟုတ် မိန်းမရိုက်တာမဟုတ်။ ယောက်ျားတွေဟု တွေ့ရသည်။ တခါတလေ သူတို့ ဇာတ်ကားတွေထဲတွင် အမျိုးသမီးကို ပေးထားသည့်နေရာက အူကြောင်ကြောင် ပြောတိုင်းယုံသည့် ဦးဏှောက်ဥာဏ်သိပ်မထက်မြက်သည့် ရယ်စရာဖြစ်နေသည့် ဇာတ်ကောင်နေရာမျိုး ဖြစ်နေသည့်အခါ ကျွန်မ စိတ်အနှောင့်အယှက် ဖြစ်မိတတ်ပါသည်။
လွတ်လပ်သော မည်သည့်အနှောင်အဖွဲ့မှ ချည်နှောင်မထားသော အမျိုးသမီး မီဒီယာပါဆင်တွေကို စူးစမ်းလေ့လာကြည့်မည် ဆိုပါက မိန်းမစာရေးဆရာ၊ မိန်းမကဗျာဆရာ၊ မိန်းမဂျာနယ်လစ်၊ မိန်းမပြဇာတ်ရေး ဆရာ၊ မိန်းမရုပ်ရှင်ဒါရိုက်တာ၊ မိန်းမ အဆိုတော်နှင့်သီချင်းရေးပညာရှင် စသည်ဖြင့် အမျိုးအစား များစွာတွေ့ ရသည်။ သူတို့ဖန်တီးသော ရသ သုတ တို့သည် အမျိုးသား ဖန်တီးသည့် ရသ သုတ တို့နှင့် အနည်းငယ်တော့ ကွာခြားမည်။ သို့သော် ခွဲထွက်သော၊ အမျိုးစုံသော ဆောင်ရွက်မှုတို့ကို တွေ့ရသည်။ ဥပမာ ကဗျာဆရာမ မအိ၏ အသံအက်သွားသော ခေါင်းလောင်းလေး ကဗျာသည် မူလတန်းပြဆရာမတယောက်၏ ရင်မှ ဖြစ်ပေါ်သော ခံစားချက်ကို ရေးဖွဲ့ခြင်း ဖြစ်သည်။
ထိုနေရာတွင် ကျောင်းဆရာတယောက်ဆိုလျှင်ရော သည်ခံစားချက်အတိုင်း ထပ်တူထပ်မျှ ထွက်လာ မလား။ သံစူးပြီး မေးခိုင်ရောဂါပိုးဖြင့် သေဆုံးသွားသော ကျောင်းသားကလေး၏ဆရာသည် အသံအက်သွားသော ခေါင်းလောင်းကလေးကဗျာကို ဖန်တီးဖို့ စိတ်ကူးမိပါမလား။ ၀တ္ထုတပုဒ် ဖြစ်ချင်ဖြစ်သွားမည်။ စကားဝိုင်းမှာ ကြိတ်မနိုင်ခဲမရ ညည်းညူရေရွတ်မိကောင်း ရေရွတ်မိမည်။ အမျိုးမျိုး ဖြစ်နိုင်ပါသည်။ မီဒီယာထဲသို့ အမျိုးသမီးများ ၀င်ရောက်လာသည့်အခါ အမျိုးသမီးတို့၏ မူလက တိတ်ဆိတ်နေသော အသံတို့ကို ကိုယ်စားပြု ဖော်ထုတ်ပေး နိုင်၏။ ထို့ကြောင့် အလွန် အရေးကြီးသော ပြောင်းလဲမှုတို့ကို ဖြစ်ပေါ်စေပါသည်။
ရှေးခေတ်က ယေဘူယျ မိန်းမတို့သည် စာမတတ်တာများသဖြင့် လက်ရေးကလည်း မလှဘူးဟု အဆိုရှိသည်။ မေရှင်၏ ပျို့မှာတမ်း သီချင်းတွင် မိန်းကလေးလက်ရေးသီရင် ခွင့်လွှတ်စေချင်ဟု ဖော်ပြထားသဖြင့် ကျွန်မ ကရုဏာ သက်မိရသည်။ သို့သော် ထိုအချိန်မျိုးမှာပင် ရှေးခေတ်က အမျိုးသမီးကဗျာဆရာမတွေထဲမှာ အလွန်နာမည်ကျော်ကြားသူတွေ ရှိခဲ့သည်။ ကျွန်မနှစ်သက်သဖြင့် ခဏခဏ ရွတ်မိသော ကဗျာတော်တော် များများသည် အမျိုးသမီးစာဆိုတော်တွေ၏ လက်ရာဖြစ်သည်။

တောင်ငူခေတ် စာပေအရေးအသား လက်ရာမဟုတ်သဖြင့် ဓါတုကလျာ ရေးတာမဟုတ်နိုင်ဘူးဟု စာပေပညာရှင်များ သံသယ ရှိကြရသော ကဗျာတပုဒ်ကို ကျွန်မ ယခုတိုင် ခဏခဏ ရွတ်ဆိုနေမိဆဲ ဖြစ်၏။ မဟာစေတီ အစချီသည့် ပိုဒ်စုံရတု ဖြစ်သည်။ ငယ်ငယ်ကတည်းက အလွမ်းကို နှစ်သက်သော ကျွန်မသည် ထိုကဗျာ၏ အချပိုဒ်ကို နှလုံးသားဖြင့် ခံစားနိုင်ခဲ့သည်။ ကလျာရွှေညီ၊ နန်းကေသီတို့၊ ဦးချီလက်စုံ၊ ရှိပဒုံဖြင့်၊ ခိုလှုံဖျဖျ၊ ခစားကြ၍၊ ဂီတသံအေး၊ ငြိမ့်လေးညင်းသွဲ့၊ နန်းဟန်ဖွဲ့လျက်၊ ကနွဲ့ကလျ၊ ဖြေဖျော်ကြလည်း၊ သောကကိန်းအောင်း၊ ပူလက်ဟောင်းကြောင့်၊ ပျော်ကြောင်းမမြင်၊ ပူကြွေးတင်လျက်၊ မရွှင်လျက်နှင့်၊ ရွှင်ယောင်ကျင့်သည်၊ ခုဖြင့်ဖြေခက်သည်တကား… တဲ့။ မိန်းမသား၏ အပူသောကကို ဖွင့်ထုတ်ဖော်ပြသည့် နေရာတွင် စကားလုံးတွေ ပြောင်မြောက်လှပါသည်။
နောက်ပြီး အိုင်ချင်းတွေကို ဆရာကြီး တက္ကသိုလ်ဘုန်းနိုင် စာအုပ်တွေ ကျေးဇူးဖြင့် မြည်းစမ်းခွင့် ရရာမှ နှစ်သက်စွဲလမ်းစွာ ရှာဖွေ ဖတ်ရှုမိသည်။ တောင်တွင်းရှင်ငြိမ်းမယ်၏ ရေလိုခန်းခြောက်ပါစေသား ဆိုသည့် စာသားပါဝင်သည့် အိုင်ချင်းကို ၀တ္ထုတွေထဲမှာ ကိုးကားကြတာကို ခဏခဏဖတ်ရပြီး ဖတ်ရသည့်တိုင်လည်း ရင်မှာ နင့်ရသည်။ နောက်ပြီး ဘယ်သူရေးသည်ဟု ကျွန်မမမှတ်မိတော့သော ဘီလူးမောင့်ကြောင့်စောင့် တော့တယ် အိုင်ချင်းတခု ရှိသေးသည်။ ထိုအိုင်ချင်းများသည် ထိုခေတ်က မိန်းကလေးတို့၏ လူမှုဘ၀အခြေအနေ နှင့် စိတ်ခံစားမှုကို လေ့လာခွင့်ရသည်။
မီဒီယာဖန်တီးသူ အမျိုးသမီးများထဲတွင် ပြဇာတ်ရေးဆရာမတွေ၊ ဇာတ်ညွှန်းရေးဆရာမတွေ ရှိသော်လည်း အမျိုးသမီး မီဒီယာပညာရှင်တွေ နည်းပါးသည်။ ရှေးခေတ်က အီနောင်ဇာတ်တို့ ဒေ၀ကုမ္မာဇာတ်တို့ လိုမျိုး နာမည်ကျော်ကြားသော အမျိုးသမီးပြဇာတ်တွေ ယခုခေတ်မှာ ရှားပါးသည်။ ဇာတ်သဘင်တွင် အမျိုးသမီးများသည် စာပေမှာလောက် နေရာမရကြသည်ကို တွေ့ရသည်။ ယနေ့ခေတ်မှာတော့ ဇာတ်သဘင်နှင့် စင်တင်ပြဇာတ် ဖန်တီးဖို့မှာ အကန့်အသတ်တွေ ရှိနေသည်မို့ အမျိုးသမီးတို့သည် ရုပ်ရှင်ဘက်သို့ တဟုန်တိုး ၀င်ရောက်လာသည်ကို သတိထားမိသည်။ အမျိုးသမီး ဒါရိုက်တာနှင့် ဇာတ်ညွှန်းရေးဆရာမများ ထိုးဖောက်လာ နိုင်ကြသည်ကို တွေ့ရ၏။ ရုပ်ရှင်ဇာတ်ကား ထုတ်လုပ်သူ အမျိုးသမီးတွေ ရှိသည်။ သူတို့၏ ဇာတ်ကားများသည် ငွေကြေးအရ အောင်မြင်သည်ကို တွေ့ရသည်။
အမျိုးသမီးအဆိုတော်တွေကတော့ အရင်ခေတ်ကတည်းက အမျိုးသားတွေနှင့် တန်းတူအောင်မြင်ခဲ့ကြ သည်မှာ အထင်အရှား ဖြစ်သည်။ ကျွန်မမေမေ အလွန်နှစ်သက်သော မကြည်အောင်၊ မေရှင်၊ မအေးမိနှင့် လေဘာတီမမြရင်တို့သည် ဓာတ်ပြားခေတ်မှာ ထင်ရှားသည်။ နောက်ပိုင်းခေတ်မှာလည်း မေလှမြိုင်၊ ထို့နောက် တင်တင်မြ၊ မာမာအေး၊ ချိုပြုံး မှ ရီရီသန့်အထိ အမျိုးသားပရိသတ်က လေးလေးစားစား နှစ်သက်ကြသော အဆိုတော်တွေပေါ့။ အမျိုးသမီးတို့၏ အနုပညာဖန်တီးနိုင်စွမ်းမှာ အမျိုးသားတွေနှင့် တန်းတူလိုက်နိုင်ပါသည်။ သူတို့ ရင်တွင်းက လာသည့်အသံသည် ကျွန်မတို့လို အမျိုးသမီးပရိသတ်အတွက် ကိုယ်စားပြုဖွင့်ဟ ဖော်ပေး လိုက်သလို ရှိသည်။ သူတို့၏ သီချင်းသံကို နားထောင်နေမိချိန်မှာ သူတို့သည် ကျွန်မပဲ ဖြစ်သည်။ လေဘာတီမမြရင်၏ တနာရီတည်းချစ် သီချင်း၊ ရွှေပြည်စိုး သီချင်း၊ မေလှမြိုင် ပြန်လည်သီဆိုသည့် မြခြေကျင်းမငွေမြိုင်၏ မြိုင် သီချင်းတို့ကို ကျွန်မ အလွန်စွဲမက်သည်။ ထိုသီချင်းတွေကို အမျိုးသမီးတွေ သီဆိုဖို့ အမျိုးသမီး၏ခံစားချက်ကို ငှားယူခံစားပြီး ရေးဖွဲ့ပေးသော အမျိုးသားတေးရေး ပညာရှင်များကို လေးစားချီးကျူးမိ ပါသည်။ ရွှေပြည်အေး၏ ရွှေဖူးစာသီချင်းကို ကြည်ကြည်ဌေး၏မူဖြင့် ခဏခဏ သီဆိုညည်းမိတိုင်း ဆရာရွှေပြည်အေးကို လေးစားမိသည်။ ကျေးဇူးလည်း တင်မိသည်။ အမျိုးသမီးတယောက်၏ ချစ်ဝေဒနာကို သူမို့ ပီပြင်အောင် ရေးဖွဲ့တတ်လေခြင်း။ အမျိုးသမီး ဂီတစာဆိုတွေထဲမှာ မိုးဒေ၀ါသီချင်းကို ရေးသည့် ဒေါ်စောမြအေးကြည်မှာ တခေတ်မှာတယောက် ဆိုရမှာပါ။
အသံမှာတော့ အမျိုးသမီးတွေက ညာသံမှာ pitch အမြင့်စားကို ရသည်ဟု ဆိုသည်။ ယနေ့ခေတ်မှာ အောင်မြင်ကျော်ကြားနေသည့် အယ်လ်ဆိုင်းဇီတို့၊ ဖြူဖြူကျော်သိန်းတို့သည် အသံကို လိုသလို ကစားနိုင်သည်ကို တွေ့ရသည်။
မီဒီယာထဲတွင် ပုံဖော်ခြင်းခံရသည့် အမျိုးသမီးတို့၏ နေရာကို လေ့လာကြည့်ရသည်မှာ အလွန်စိတ်ဝင် စားစရာ ကောင်းသည်။ ပုံနှိပ်မီဒီယာတွင် သခင်ဘသောင်း၏ ပန်းသာမစာဥသည် ထိုခေတ်က ရိုး, အ, ပြီး အကာအကွယ်မဲ့သည့် အမျိုးသမီးတွေကို ကိုယ်စားပြုသည်။ မှီငြမ်းသည့် ၀တ္ထုဖြစ်သော်လည်း ပန်းသာမစာဥ သည် တကယ့် မြန်မာအမျိုးသမီးတွေ၏ ဘ၀ဖြစ်၏။ ဂျာနယ်ကျော်မမလေး၏ သူမ နှင့် ရင်နင့်အောင်မွှေးကတော့ ကျွန်မတို့ကို နှလုံးသား နူးညံ့မြင့်မြတ်ပြီး ပြတ်သားသော မိန်းမတွေကို သိမြင်အောင် ပုံဖော်ပေးနိုင်ခဲ့သည်။ ကြည်အေး၏ အမျိုးသမီးဇာတ်ကောင် အများစုကတော့ စိတ်အင်အားပြင်းထန်ပြီး တော်လှန်စိတ်ရှိသော မိန်းမတွေ ဖြစ်သည်။ တမ်းတတတ်သည်နှင့် နွမ်းလျအိမ်ပြန်ထဲက အမျိုးသမီး ဇာတ်ကောင်နှစ်ယောက်သည် ကွဲပြားသော်လည်း သူ့နေရာနှင့်သူ စွမ်းသည့် ဇာတ်ကောင်တွေ ဖြစ်သည်။
တက္ကသိုလ်ဘုန်းနိုင်၏ ဇာတ်ကောင်အမျိုးသမီးတွေက မြင့်မြတ်သည့် နှလုံးသားပိုင်ရှင်တွေ ဖြစ်သည်။ ၀သန်လေချိန်မှန်ကူးထဲက စစ္စတာမမိုးသူ၊ ချစ်သောဤကမ္ဘာထဲက ဒေါက်နှင်းမောင်၏ အစ်မ မလေးသန့်၊ သူတို့သည် လေးစားထိုက်သူများ ဖြစ်သည်။
မီဒီယာထဲမှာ ဖော်ပြခံရတာခြင်းအတူတူ ထိုခေတ်က အမျိုးသမီးတွေထက် ယနေ့ခေတ် အမျိုးသမီးတွေ နေရာပိုကောင်းလာသည်ကို မတွေ့ရပါ။ တော်တော်များများသည် မီးဖိုချောင်အိမ်ထောင် ထိမ်းသိမ်းမှုနှင့် ဖက်ရှင် အမျိုးအစားအတွက်ပဲ ပုံဖော်ခံရသည်။ အမျိုးသမီးတို့သည် အခုအချိန်မှာ မီးဖိုချောင်ကနေ လွတ်ပြီးဟု မပြောနိုင်။ အမျိုးသမီးတို့သည် ပြင်ပလောကတွင် ကျင်လည်နေကြရပြီ မှန်သော်လည်း မီးဖိုချောင်ကနေ လွတ်လာတာ မဟုတ်။ မီးဖိုချောင်နှင့် အပြင်ငွေရှာသည့်အလုပ် နှစ်မျိုးကို တပြိုင်တည်း လုပ်လာရခြင်းဖြစ်သည်။
ရုပ်မြင်သံကြား ကြော်ငြာတွေသည် ဇာတ်လမ်းဖွဲ့ထားတာ မဟုတ်ပဲ နေ့စဉ်လူမှုဘ၀ကို ထင်ဟပ်ပြ နေခြင်း ဖြစ်သဖြင့် အမျိုးသမီးတို့၏နေရာကို မကွယ်မ၀ှက် အရှိကို အရှိအတိုင်း ပြနေသော မီဒီယာတွေ ဖြစ်၏။ ကြော်ငြာထဲတွင် အမျိုးသမီးတို့သည် အ၀တ်လျှော်ဆပ်ပြာ ကြော်ငြာခြင်း၊ ပန်းကန်ဆေးဆပ်ပြာ ကြော်ငြာခြင်း တို့အတွက် အသုံးပြုခံရပြီး၊ အမျိုးသားတို့ကတော့ လုပ်ငန်းခွင်တွင် အလုပ်များနေသည့် ပုဂ္ဂိုလ်အများအဖြစ် တွေ့မြင်ရသည်။ ခေါက်ဆွဲထုပ်ကြော်ငြာ၊ ဆီကြော်ငြာ၊ ငရုတ်သီးမှုန့် ကြော်ငြာတို့တွင် အမျိုးသားသရုပ်ဆောင် တွေကို မသုံးဘဲ ဘာဖြစ်လို့ အမျိုးသမီး သရုပ်ဆောင်တွေ သုံးသလဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒါက မေးစရာမလို အောင် နားလည်ပြီးသား ကွဲပြားသည့် အခန်းကဏ္ဍတွေမို့ပါ။ မိန်းမသည် ချက်ပြုတ်ခြင်း၊ လျှော်ဖွတ်ခြင်းမှာ တာဝန်ယူနေကျ။ ပန်ကန်ဆေးသည့်ကြော်ငြာကို ခိုင်သင်းကြည်နှင့် မကြော်ငြာဘဲ ကျော်ရဲအောင်နှင့် ကြော်ငြာ ကြည့်ပါလား။ ပရိသတ် အိမ်ရှင်မတွေ ကိုယ်တိုင်က ရယ်မောကြလိမ့်မည်။ ပရိသတ် အမျိုးသမီးတွေ ကိုယ်တိုင်က ‘ဒါ အူကြောင်ကြောင် ကိစ္စ’ ဟု ဝေဖန်လိမ့်မည်။ အထာကျပြီးသား တာဝန်ခွဲဝေမှု အခန်းကဏ္ဍ မဟုတ်လား။ မီးဖိုချောင်မှာ တသမတ်တည်း နေရာယူနေရတာကို အမျိုးသမီးထုကိုယ်တိုင်က ကျေကျေနပ်နပ် လက်ခံထား သည်ပဲ။ ဒါကြောင့်လည်း မီဒီယာမှာ ဒီအတိုင်း တွေ့ရခြင်း ဖြစ်သည်။
ဗွီဒီယို၊ ရုပ်ရှင်ကားတွေထဲက အမျိုးသမီးတွေ၏ အခန်းကဏ္ဍကို ကြည့်ကြည့်လျှင် အလွန်စိတ်ဝင်စား စရာ ကောင်းပါသည်။ တီဗွီကြော်ငြာထဲက အမျိုးသမီးများနှင့် အမျိုးသား အခန်းကဏ္ဍကွဲပြားမှု၊ ဇာတ်လမ်းတွဲတွေထဲက အမျိုးသမီး အမျိုးသားအခန်းကဏ္ဍ ကွဲပြားမှု၊ သီချင်းတွေ ကဗျာတွေထဲမှ အမျိုးသမီး အမျိုးသားအခန်း ကဏ္ဍကွဲပြားမှုတို့သည် သတိထားကြည့်လျှင် ထင်ထင်ရှားရှား မြင်သာနေပါသည်။
မီဒယာတွေတွင် အမျိုးသမီးသည် အလှအပလည်း ဖြစ်သည်။ အမျိုးသမီးသည် မြင်သူကို စိတ်ကြည်နူးမှု သို့မဟုတ် စိတ်နှိုးဆွမှု ပေးစွမ်းသည့်အရာလည်း ဖြစ်သည်။ အမျိုးသမီးသည် ဦးဏှောက်အရည်အချင်းကို ဦးစားပေးသည့် အမျိုးအစား မဟုတ်။ ဖက်ရှင်အတွက် မျက်နှာချယ်သမှုဆိုင်ရာ အလှအပ ပစ္စည်းနှင့် ကရိယာတို့ အတွက် ကြော်ငြာပေးရသည့် အမျိုးအစားဖြစ်သည်။ လက်ဗ်တော့ ကွန်ပြူတာကို ကြော်ငြာလျှင်တောင် ကွန်ပြူတာကို သုံးစွဲနေသည့် ပုံရိပ်ထက် အလှပြသည့် ပုံရိပ်ကို တွေ့ရမည်။ တကယ်သုံးစွဲနေကြောင်း ကြော်ငြာလျှင်တော့ အမျိုးသားတွေကို သုံးပါလိမ့်မည်။ ကားကို ကြော်ငြာလျှင် ကားမောင်းသူမှာ အမျိုးသမီးတွေ မဟုတ်။ အမျိုးသားတွေ ဖြစ်သည်။ သို့သော် ကားကို အလှပြလိုလျှင်တော့ အမျိုးသမီး၏ အလှနှင့် ထပ်တူပြလိမ့်မည်။
တခါတခါတော့ မြန်မာ့ရုပ်မြင်သံကြားမှာ ပြသည့် ကြော်ငြာတခုတလေတွင် အမျိုးသမီးကို မြင်းပေါ်မှာ ထိုင်ပြတာ တွေ့ဖူးသည်။ ကားပေါ်မှာထိုင်လျက် ကော်ဖီမှာယူတာကို တွေ့ဖူးသည်။ သို့သော် ဆေးကြော်ငြာ အတွက် ကလေးကို ဆေးတိုက်သည့် ပြကွက်မျိုး၊ ကလေးနေမကောင်းလို့ ပြုစုသည့် ပြကွက်မျိုးတွင် အဖေထက် အမေကိုပဲ တွေ့ရတာ များသည်။ ထိုကြော်ငြာမျိုးတွင် ကလေးကို ပွေ့ချီထားသူသည် အမေမဟုတ်ပဲ အဖေဖြစ်နေ ခဲ့လျှင် တနည်းအားဖြင့် ရုပ်ရှင်မင်းသမီး မဟုတ်ဘဲ မင်းသားဖြစ်နေခဲ့လျှင် ကြည့်သူအတွက် နှာခေါင်းရှုံ့စရာ တောင် ဖြစ်သွားမလားမသိ။ ကလေးအမေက ဘယ်ရောက်နေလဲဟု ဝေဖန်စိတ်ဖြင့် ရေရွတ်မိကြမည်လား မသိ။ ကျွန်မတို့ မိန်းမတွေ၏ အခန်းကဏ္ဍက တကယ်ပဲ ပုံသေ ဖြစ်နေခဲ့ပါပြီ။ ဒါကို မီဒီယာတွင် ဖုံးဖိမရ တွေ့ရသည်။
မီဒီယာ၏ အစွမ်းသတ္တိမှာ အပြင်လောကကို ထင်ဟပ်ပြရုံပဲလား။ အခြေအနေကို မီးမောင်းထိုးပြရုံ လောက်ပဲလား။ နိုင်ငံတခု၏ အဆင့်အတန်းကို ယဉ်ကျေးမှုကို အလုပ်ခွဲခြားမှုကို ပြရုံပဲလား။ မဟုတ်နိုင်သေးပါ။ မီဒီယာသည် လောကပတ်ဝန်းကျင်ကို ပုံဖော်ဖို့လည်း အသုံးပြုနိုင်ပါသည်။ ပတ်ဝန်းကျင်ကို ပြုပြင်ပြောင်းလဲဖို့ မီဒီယာက တတ်စွမ်းပါလိမ့်မည်။ မီဒီယာ၏ အသုံးဝင်မှုသည် အကန့်အသတ်မရှိ။ မီဒီယာကို ဖန်တီးအမျိုးသမီး များသည် အမျိုးသားများထက် မကျော်လွန်လျှင်တောင် အမျိုးသားများနှင့် တန်းတူ လောကကို ပုံဖော်ဖို့ ပြောင်းလဲဖို့ တတ်စွမ်းနိုင်ကြပါသည်။
ရေချယ်ကာဆန် ဟူသည့် အမျိုးသမီး စာရေးဆရာမကြီး၏ တိတ်ဆိတ်သောစပရင်းရာသီ Silent Spring စာအုပ်သည် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသော လူ့အသက်ကို အန္တရာယ်ပြုသော ဒီဒီတီ ပိုးသတ်ဆေး၏ မကောင်းကျိုးတို့ကို ပီပြင်စွာ စနစ်တကျ ဖော်ထုတ်ပေးနိုင်ခဲ့သဖြင့် အမေရိကန်ပြည်ထောင်စုနှင့် အခြားဖွံ့ဖြိုးသောနိုင်ငံတို့တွင် ထိုပိုးသတ်ဆေးအသုံးကို ဥပဒေဖြင့် တားမြစ်လိုက်သည်အထိ ဖြစ်ခဲ့သည်။
စာအုပ်တအုပ်သည် ရုပ်ရှင်ကားတကားသည် လူ့ပတ်ဝန်းကျင်ကို ကောင်းကျိုးအတွက် ပုံပြောင်းအောင် တွန်းအားပေးသည့်နေရာတွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နိုင်၏။ နိုင်ငံတကာတွင် အမျိုးသမီးတို့၏ ဘ၀လူမှုရပ်တည်မှုတို့ကို ပြောင်းလဲဖို့ တွန်းအားပေးသည့်နေရာတွင် ဆီမွန်းဒီဘောဘွား၏ စာအုပ်နှင့်အတူ မာဂရက်မစ်ချယ်၏ စာအုပ်လည်း ပါသည်။
ယခုအခါ သူတို့ဆီတွင် အမျိုးသမီး ရဲအရာရှိတွေသည် အမျိုးသားတွေနှင့်အတူ လူဆိုးဖမ်းသည့် အလုပ်တွင် တန်းတူပါဝင်နေသည်။ ဘတ်စ်ကားမောင်းသူတွေ အမျိုးသမီးတွေ ဖြစ်သည်။ လေယာဉ်မောင်းသူ တွေ၊ လေထီးခုန်ဆင်းသူတွေ အမျိုးသမီးတွေ ပါလာသည်။ ဒါက အမျိုးသမီး အမျိုးသားဟူသည့် ဂျင်ဒါနှင့် မဆိုင်လှဘဲ ကိုယ်ခန္ဓာတည်ဆောက်ပုံနှင့် ကျန်းမာသန်စွမ်းမှုတို့ကသာ အဓိက ကျသင့်ပါသည်။ ဒါတွေကို ပြောင်းလဲဖို့ လိုအပ်သည်ဆိုလျှင် ထိုပြောင်းလဲမှုကို ဖြစ်ပေါ်အောင် မီဒီယာ၏တွန်းအားက အရေးပါသော နေရာမှာ ပါဝင်နေပါသည်။

ဂျူး။
[မြန်မာသစ်မဂ္ဂဇင်း၊ အမှတ် ၁၀၊ ဒီဇင်ဘာလ ၂၀၀၉ မှ ကူးယူဖော်ပြပါတယ်။]

မာယာမဂ္ဂဇင်းမှတဆင့်ကူးယူဖော်ပြပါသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s