အွမ္မသ်ညီညွတ်ရေး အခန်းကဏ္ဍ

Posted on December 1, 2011 by

0


Source :

 မောင်လာနာ ၀ဟီဒွတ်ဒီးန်ခန်းနှင့် အင်တာဗျူး

နယူးဒေလီက မောင်လာနာ ၀ဟီဒွတ်ဒိန်းခန်းဟာ ထင်ပေါ်ကျော်ကြားလုသိများတဲ့ အစ္စလာမ့်ရေးရာပညာရှင်တစ်ဦးဖြစ်ပါတယ်။ အိန္ဒိယ မွတ်စလင်များရဲ ဘာာရေး လူမှုရေး ၊ ပညာေ၇း အကြောင်း စာအုပ်ဆောင်းပါးများစွာ ရေးသားခဲ့သူ ၊ Qlander သတင်းဌာနရဲ့ အယ်ဒီတာ  ဖြစ်သူ နယူးဒေလီက ဂျာမီအာ မီလီယာ အစ္စလာမ်မီယာ ရဲ့ ပါမောက္ခ ယိုဂင်ဒါ စစ်ကန်ဒ်နဲ့လုပ်တဲ့ ဒီတွေ့ဆုံမေးမြန်းခန်းမှာ သူက အမြင်ကွဲ လိုင်းကွဲ မွတ်စလင် တွေ အချင်းချင်း အပြန်အလှန်ညှို့နှိုင်းစကားဆိုကြဖို့ အရေးတကြီး လိုအပ်နေပြီဖြစ်တဲ့အကြောင်း ပြောကြားခဲ့ပါတယ်။

စစ်ကန်ဒ်။   ။ မွတ်စလင် ညီညွတ်ရေးကို ကုရ်အာန်က အလေးထားဖေါ်ပြခဲ့ပေမဲ့ မွတ်စလင်တွေ ဟာ ဂိုဏ်းဂဏတွေ ကွဲနေကြတာပါပဲ။ တစ်ချို့ဆို တစ်ဂိုဏ်းနဲ့ တစ်ဂိုဏ်း ရန်သူလိုဖြစ်နေကြတယ်။ ခရစ်ယန်တွေ နဲ့မတူတဲ့အချက်က ဂိုဏ်းအသီးသီးက အုလမာတွေ စုစည်းပြီး ဘုံဆုံမှတ်တစ်ခုမှာ အရေးကြီးတဲ့ကိစ္စတွေ တွေဆုံဆွေးနွေးကြဖို့ မွတ်စလင် ဂိုဏ်းပေါင်းစုံ လှုပ်ရှားမှုတွေ ရှိမနေတာ အမှန်ပဲ ။ အဲဒီလို ဂိုဏ်းခွဲ ၀ါဒ စွဲ ကိစ္စ ကို ခင်ဗျားဘယ်လိုယူဆသလဲ ။


မောင်လာနာ။   ။ ကျွန်တော်ထင်ပါတယ်။ မွတ်စလင်တွေမှာ ခေတ်ပညာအားနည်းလစ်ဟာမှုတွေ ရှိနေလေတော့ ဒီကဏ္ဍကို ကျွန်တော်တို့ တော်တော်ကြိုးစားယူရပါအုံးမယ်။။ ဥရောပမှာ တစ်ခေတ်ထွန်းကားလာချိန်မှာ ချာခ်ျနဲ့ သိပ္ပံပညာရှင် တွေ အကြား အကြီးအကျယ် ၀ိဝါဒ ကွဲပြားမှုတွေ ရှိနေပေမဲ့ ခေတ်သစ်သိပ္ပံဆိုင်ရာ အတွေးအခေါ်တွေဟာ ဘာသာတရား အယူအဆ အပေါ်မှာ အဓိက လွမ်းမိုးမှု ရှိလာတယ်။ ဒါပေမဲ့ သိပ္ပံဆိုင်ရာအတွေးအမြင်တွေက ဘာသာရေးမှာ အမြင်ကျယ်လာစေပါတယ်။ ဒါကြောင့် အဲဒီအချိန်မှာ ခရစ်ယာန်တွေဟာ နည်းပညာတော်လှန်ရေး ထွန်းကားလာတဲ့ ဥရောပမှာ ကျယ်ကျယ်ပြန့်ပြန့် အခြေချနိုင်လာခဲ့တယ်။ သူတို့ဟာ ဂိုဏ်းကွဲတွေနဲ့ ဆက်ဆံရေးကဏ္ဍမှာ ပိုပြီးသဘောထားကြီလာခဲ့ကြတယ်။ ဒါဟာ ဥရောပရဲ့နည်းပညာ တော်လှန်ရေးကြောင့်ရ လာတဲ့အကျိုးအမြတ်ပါ ခရစ်ယာန်ဝါဒကြောင့် မဟုတ်ပါဘူး ။

မွတ်စလင်ထုအကြား ကြီးမားတဲ့ အခန်းကဏ္ဍ တစ်ခုက အရေးပါလှတဲ့ ခေတ်ပညာနဲ့ သိပ္ပံ အမြင်အားနည်းချက်ကြောင့် ဘာသာရေး ဆရာတွေ ကိုနေရာပေး လာကြတယ်။ အဲဒီဘာသာရေးဆရာ တွေက တခြား မွတ်စလင် ဂိုဏ်းတစ်ခုခုကို သူတို့ပေါင်းကူးတံတား ထိုးပေးရမဲ့အစား လူသိရှင်ကြား စွပ်စွဲရှုံချတာတွေလုပ်ပြီး သူတို့ရဲ့ ကိုယ်ပိုင်ဂိုဏ်းကဏ ကမှန်ကန်ကြောင်း သက်သေထူဖို့ရှာကြံရင်းနဲ့ သူတို့ရဲ့ သြဇာခံ ဖို့ အတွက်သာ လုပ်ကြတယ်။ တခြားမွတ်စလင်တွေ နဲ့နားလည်မှု ရရှိဖို့ လက်ကမ်းရမယ့်အစား သူတို့ရဲ့ အယူအဆ ဖလှယ်စကားဆိုရမဲ့အစား၊ ရန်သူတွေ ၊ကာဖရ်တွေ ၊ အစ္စလာမ့် လမ်းစဉ်နဲ့ သွေဖည်နေသူတွေရယ် လို့ နာမည်ဖျက်တဲ့အလုပ်ကို လုပ်ကြတယ်။ ဂိုဏ်းဂဏ အသီးသီးက မော်လ၀ီ တွေဟာ တစ်အုပ်စုနဲ့ တစ်အုပ်စု အပြန်အလှန်ဖသ်ဝါ တွေ ထုတ် ၊ ကြမ်းတမ်းတဲ့ ဝေါဟာရတွေနဲ့ လူသိရှင်ကြား စွပ်စွဲမှုတွေ လုပ်နေကြတယ်။

ဘာပဲဖြစ်ဖြစ် ဒီကိစ္စကိုအလေးအနက်ထားပြီး အုပ်စု တစ်ခုနဲ့ တစ်ခု လက်ကမ်းပြီး အပြုသဘော ဆောင်တဲ့ပြောဆို ဆွေးနွေးမှု တွေ လုပ်ဖို့ သင့်ပြီလို့ ခံစားရပါတယ်။ တကယ်လို့ ခင်ဗျားတို့အနေနဲ့ တခြားအုပ်စု တွေဟာ ခင်ဗျား တို့နားလည်ထားတဲ့ အစ္စလာမ်နဲ့မကိုက်ညီရဘူးလို့ထင်ရင်လည်း သူတို့နဲ့ဆွေးနွေး နိုင်ခွင့်ရဖို့ ကြိုးစားသင့်ပါတယ်။ လူသိရှင်ကြားရှုံချပြောဆိုမှုတွေ ဟာ ပြသနာတွေကိုပဲ ကြီးထွားလာစေမှာပေါ့။

 

စစ်ကန်ဒ် ။  ။ ဒီနေ့ဒီချိန် မှာ မွတ်စလင် တွေ အချင်းချင်း တွေ့ဆုံဆွေးနွေးဖြစ်ကြဖို့ ၊ ဂိုဏ်းဂန အသီးသီးက အုလမာတွေ ညီညွတ်စုစည်းမိ စေဖို့အတွက် ကြိုးပမ်းဆောင်ရွက် စရာတစ်ခုခုကိုများလူကြီးမင်းအနေနဲ့ သတိပြုမိတာ ရှိပါလား


မောင်လာနာ။    ။ဒီကိစ္စနဲ့ ပတ်သက်ပြီး မကြာသေးခင်နှစ်တွေက ကြိုးပမ်းဆောင်ရွက်ချက် တစ်ချို့ရှိခဲ့ဖူးပါ တယ်။ ဒါပေမဲ့ သူတို့က အခြေခံ ကွဲပြားချက်တွေကို အဆုံးသတ် ပစ်တဲ့ နည်းလမ်းနဲ့ ညီညွတ်ရေး ကိုရှာကြံခဲ့ကြတယ်။ ဒါပေမဲ့ ဘယ်တော့မှ အလုပ်မဖြစ်နိုင်ဘူး။ တစ်ဖတ်မှာ ခရစ်ယာန် တွေဟာ အားလုံးနဲ့ ဆိုင်တဲ့ ယေဘုယျကျကျ လှုပ်ရှားမှု တွေနဲ့ ခရစ်ယာန် တွင် အချင်းချင်း ကွဲပြားမှုတွေ သဘောထား ကြီးကြ တယ်။ ကွဲပြားမှုတွေ ရှိနေလည်း ညီညွတ်ရေး ကိုရှာကြံကြတယ်။ ကွဲလွဲမှုတွေကို နားလည်ပေးကြတယ်။ဒါပေမဲ့ အဲဒီလို ထုံးဓလေ့က မွတ်စလင်တွေ အုလမာတွေမှာမရှိဘူး ။  ညီညွတ်ရေးဆိုတာ ကွဲလွဲချက်တွေကို ရိုက်ချိုး ဖယ်ရှား လိုက်ခြင်းအားဖြင့် မရနိုင်ဘူးဆိုတာ သူတို့သိထားဖို့ လိုလိမ့်မယ်။ ကွဲပြားမှုတွေကို သဘောထားကြီးဖို့ ၊ ရှင်းလင်း ဖယ်ထုတ်ရေးတွေ မလုပ်ဖို့ကို ကျွန်တော်တို့ တွေ သင်ယူကြပါလိမ့်ဦးမယ်။ ဒီနည်းနဲ့ပဲ ကွဲပြားတဲ့ ဂိုဏ်းဂန တွေ ဟာ အမှန်တကယ်နီးစပ်နီးကပ်လာပါလိမ့်မယ်.

စစ်ကန်ဒ်။  ။ ကွဲပြားတဲ့ မွတ်စလင် ဂိုဏ်းဂဏ တွေ ကြားမှာ အချင်းချင်း တွေ့ဆုံ ဆွေးနွေးမှုတိုးတက် လာဖို့အ တွက် အနိမ့်ဆုံး လုံအခြေခံဟာ ဘာလို့ လူကြီးမင်းထင်ပါသလဲ။


မောင်လာနာ ။   ။ ညီညွတ်ရေးမှာ အခြေခံတစ်ခုတော့ ရှိသင့်တယ်။ကွဲပြားတဲ့ ဂိုဏ်းတွေက အုလမာတွေ မှာ အစ္စလာမ့်အခြေခံ နဲ့ ပတ်သက်ပြီး ကွဲပြားမှု မရှိဘူးလို့ ကျွန်တော်ထင်တယ်။ ဒါကပဲ တွေ့ဆုံဆွေးနွေး ရေးအ ခြေခံဖြစ် လိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ ရှီအဟ် ပဲဖြစ်ဖြစ်၊ စွန္နီ ပဲဖြစ်ဖြစ် ဒါမှမဟုတ် အဲဒီ၂ ခုလုံးရဲ့ အုပ်စု ကွဲတွေပဲဖြစ်ဖြစ် အလ္လဟ်ကိုယုံတယ်၊ ကုရ်အာန်ကိုယုံတယ်၊ တမန်တော်မုဟမ္မဒ် ကိုယုံတယ်ဆိုတာကို အားလုံး အသိအမှတ်ပြုထားကြတယ်။ ဒါကပဲ ညီညွတ်ရေး ရဲအခြေခံ ဖြစ်တယ်။စွန္နီ မဇ်ဟဘ် ၄ခုအပါအ၀င် ရှီအဟ် ရဲ့ အဓိက ဂိုဏ်းဖြစ်တဲ့ အစ်ဆ်နာအရှရီ အီမာမ် ၁၂ပါးရဲ့ နောက်ကို လိုက်တဲ့ ဂျဖရီ ဂိုဏ်းလို အုပ်စုတွေဟာ အခြေခံမ ကျတဲ့ ကိစ္စတွေ မှာကွဲလွဲကြပေမဲ့ ကုရ်အာန်နဲ့ ဟဒိဆ်အပေါ်မှာ အခြေခံနေတာ ချည်းပါပဲ။ သူတို့ တွေမှာ သိပ်အခြေခံမကျလှတဲ့ ကွဲလွဲချက်တွေ ကတော့ အမြဲရှိနေမှာပါပဲ။ ဒီကွဲလွဲချက်တွေ ပပျောက် အောင်ကြိုးစားရမယ့်အစား လက်ခံပေးနိုင်အောင် ကြိုးစားသင့်တယ်။ အခြေခံ အချက်တွေ ကို အကြောင်းပြုပြီး ညီညွတ် ရေးကို ရှာဖွေသင့်တယ်။

စစ်ကန်ဒ်။   ။ အခြေခံမကျတာ တွေကို အခြေခံလုပ်ပြီး ဂိုဏ်းဂန ပြိုင်ဆိုင်မှုလုပ်နေတဲ့ သူတွေကို ညှို့နှိုင်းစေ့စပ်ပေးလိုတဲ့လူကြီးမင်း ရဲ့ အယူအဆကို အကျိုးသင့်အကြောင်းသင့်ပြောပြနိုင်မလား

မောင်လာနာ။   ။ ဒါပေါ့။ သာဓက အနေနဲ့ ပြောရရင် စလဖီနဲ့ ဟနဖီ ပြဿနာ။ သူတို့ နှစ်ဦးစလုံးက စွန္နီတွေချည်းပဲ။ ဒီနေ့ အိန္ဒိယ မှာ စလဖီ တော်တော်များများ ဟနဖီတော်တော်များများ ဟာ သူတို့ကိုယ် သူတို့ ပြိုင်ဘက် တွေလို့ သဘောထားကြတယ်။ ဒါပေမဲ့ သူတို့ရဲ့ အဓိကကွဲပြားမှုက ဆွလာသ် ၀တ်ပြုတဲ့အခါ အာမိန်း အကျယ်ကြီး ဆိုတာနဲ့ စိတ်ထဲက ဆိုတာ လို အခြေခံ မကျတဲ့ ကိစ္စပေါ်မှာ ဖြစ်နေတာ ။ နောက်ပြီး အီမာမ် ရဲ့နောက်ကနေ ဆွလာသ်ဝတ်ပြုတဲ့အခါမှာ စုရဟ်ဖွာသေဟာ ကို ဘယ်လို ဖတ်ရမယ်ဆိုတဲ့ကိစ္စ မျိုးတွေမှာ သူတို့ ကွဲလွဲတာ လေးတွေရှိတယ်။ ဒါပေမဲ့ သူတို့ ဂိုဏ်းဆရာမော်လ၀ီတွေ ကတော့ ပွေးကျစ်စာ လေးကို တောင်ကြီးလို သဘောထားနေတုန်းပဲ။ အဲဒီလို ကိစ္စလေးတွေမှာ ကွဲပြား တာလောက်နဲ့ တင် စံသွေ စံလွဲ သူတွေအဖြစ် နာမည်ဆိုး တပ်အပုပ်ချနေဆဲပဲ။

ဒီလိုကွဲပြားမှု၊ အငြင်းပွားမှု တွေဟာ ဟိုးအရင်ဟဒီဆ်စုဆောင်းစဉ်ကာလလောက်ကတည်းက နေ သမိုင်းနဲ့ချီပြီး ရှိလာခဲ့တာ။ ဟဒီးဆ်ဆင့်ပြန်မှုတွေ မှာကိုကွဲလွဲ နေခဲ့တာ။ ဟဒီဆ်ဆင့်ပြန်ကြတဲ့ဆွဟာဗာတွေ က သူတို့ ကိုယ်တွေ့တွေ၊ မျက်မြင်ကိစ္စ တွေအပေါ်မှာ အခြေခံပြီး ဆင့်ပြန်ခဲ့ကြတယ်။ အဲဒီမှာ တစ်ပါးသော ဆွဟာဗာက ကိုယ်တော်မြတ်ဆွလာသ်ဝတ်ပြုတဲ့အခါမှာ အာမိန်းကျယ်ကျယ်ဆိုတာ သူတွေခဲ့တယ်လို့ ပြောမယ်။ နောက်ဆွဟာဗာတစ်ပါးက ကိုယ်တော်မြတ်ဆွလာဟ်ဝတ်ပြုတဲ့အချိန်မှာ အာမိန်းကို အသံမထွက်တာ သူမြင်ပါတယ်လို့ ပြောမယ်။ ဒါမှမဟုတ် ဆွဟာဗာ တစ်ပါးက ကိုယ်တော်မြတ် ဆွလာသ်ဝတ်ပြုတဲ့အခါမှာ ဗိုက်ပေါ်မှာ လက်ပိုက်ထားတာကိုတွေ့တယ်လို့ ပြောမယ်။ နောက်တစ်ပါးက ရင်ဘက်ပေါ်မှာတင် ထားတာ ကိုတွေ့တယ်လို့ ပြောမယ်။

ဒါကဘာလဲဆိုရင် ဆွဟာဗာတွေ ဟာ တမန်တော် မြတ်နဲ့ တွေ့ကြုံရတဲ့အချိန်အခါ ကွဲပြားမှု အပေါ်မှာ မူတည်နေတာပဲ။ ဒါကြောင့် သူတို့ရဲ့ အမြင် တွေကတော့ အားလုံးအမှန်ချည်း ပဲ ။ ကာလဒေသ ပယောဂ အပေါ်မှာ တည်မှီပြီး မှန်နေကြတဲ့အသေးအမွှား ကွဲပြားမှုတွေသာဖြစ်တယ်။ ဒါပေမဲ့ အခုခေတ်ကာလမှာ အချို့ဂိုဏ်းတွေမှာက ဒါကို ရေးကြီခွင်ကျယ်လုပ်လာကြတယ်။ တခြားဂိုဏ်းတွေကို လူသိရှင်ကြား ကဲ့ရဲ့ ပြစ်တင်ရှုံချ ဖို့ ဒီအသေးအမွှား ကိစ္စတွေကိုပဲ အသုံးချနေကြတယ်။ ဒါဟာ တကယ်ကို မလျော်ကန်တဲ့ကိစ္စပဲ ။ အစ္စလာမ်မှာ လက်မခံတဲ့ သဘောထားသေးသိမ်မှုတွေ ။အစွန်းရောက်မှု သရုပ်သကန်တွေ နဲ့ အစ္စလာမ်ကို ထိုးနှက်ချင်တွေသူအတွက် အချက်အလက် ဖန်တီးပေးခြင်းတစ်မျိုးပဲ။

စစ်ကန်ဒ်။  ။ တစ်ချို့အုလမာတွေ အနေနဲ့ ကွဲပြားနေတဲ့ ဂိုဏ်းတွေ ကို နီးစပ်မှုရအောင် ကြိုးစားတဲ့ကိစ္စ အပေး အရေးမ ဟုတ်တာကို အရေးလုပ်တယ်လို့ ငြင်းခုံကောင်းငြင်းခုံနိုင်ပါတယ်။ ဒါကိုသက် သေပြစရာအထောက်အထားအဖြစ် တမန်တော် ကိုယ်တိုင်က မိမိမရှိတော့တဲ့ နောက်ပိုင်းမှာ ၇၃ ဂိုဏ်းကွဲမယ်။ တစ်ဂိုဏ်း ပဲကယ်တင်ခံရမယ်။ အဲဒီဂိုဏ်းဟာ တမန်တော်မြတ် နဲ့ ဆွဟာဗာ တွေ ရဲ့လမ်းကို လိုက်သူတွေ ဖြစ်တယ်။ (ဖိရ်ကာယေ နာဂျီယာ )ဆိုတဲ့ဟဒီဆ် ကလည်းရှိနေပါတယ်။ ဂိုဏ်းတိုင်း ဂိုဏ်းတိုင်း ကလည်း အဲဒီဂိုဏ်းဟာ သူတို့ပါပဲ။ လို့ ကြွေးကြော်နေကြတယ်။ ဒီလိုနဲ့ပဲ ကျန်တဲ့ဂိုဏ်း တွေက လွဲမှားနေတဲ့ အဓိပ္ပါယ်ကို ရောက် သွား ပါတယ်။ ဒီဟဒီဆ် အပေါ်မှာ လူကြီးမင်း ဘယ်လိုရှုမြင်ပါလဲ။

 

မောင်လာနာ။   ။ ဒီဟဒီဆ်က နမိတ်ပြသဘောပါ။ မွတ်စလင်တွေ ဂိုဏ်းကွဲရမယ်လို့ ဆိုတဲ့ ပညတ်မဟုတ်ပါဘူး။ အခုအခါမှာ အတွေးမှားကြီးတစ်ခု မင်းမူနေတယ်။ ဒီဟဒီဆ်အပေါ်မှာ သဘောပေါက်မှု လွဲမှားနေကြတယ်။ ဒါဟာ တကယ်အစစ်အမှန် သဘောကို ပြောတာ မဟုတ်ဘူး။ ဒါဟာ သီးသန့် ဂိုဏ်းတစ်ခုကိုရည်ညွန်းတာ မဟုတ်ဘူး ။ တမန်တော်မြတ် က သူနဲ့ သူနောက်လိုက် တွေရဲ့လမ်းအတိုင်းလိုက်နာတဲ့ တစ်ဦးချင်းကို ပြောတာ ။ အဲဒီလူဟာ ကယ်တင်ခြင်းခံရလိမ့်မယ် တမန်တော်မြတ်က သီးခြား ဂိုဏ်းတခုခု ကိုရည်ညွန်းတာ မဟုတ်ဘူး ။ဒီသြ၀ါဒရဲ့ ရှင်းလင်းတဲ့ ဆိုလိုရင်းက ဘယ်လိုမတူညီတဲ့ အုပ်စုကမဆို အဲဒီလူဟာ တမန်တော်မြတ် နဲ့ဆွဟာဗာ တွေရဲ့နောက် ဖ၀ါးခြေထပ်လိုက်မယ်ဆိုရင် လွတ်မြောက်ခွင့်ရမယ် လို့ ပြောတာပါ။ ဒါဟာဘာကြောင့် လဲဆိုတော့ ကုရ်အာန်မှာ အလ္လဟ်အရှင်မြတ်က လူတစ်ဦးရဲ့ ကံကြမ္မာ ကို အဲဒီသူသေပြီးနောက် သူရဲတစ်ဦးချင်း လုပ်ရပ်အပေါ်မှာပဲ ဆုံးဖြတ်မယ်လို့ ဆိုထားပါတယ်။

ဒီဟဒီဆ်တော်ကို ကြည့်မယ်ဆိုလို့ရှိရင် ဒါကို အသုံးချပြီး ကွပြားတဲ့ ကျောင်းတော်ဝါဒတွေအကြားမှာ မကြာခန အငြင်းပွားနေမယ့်အစား သဟဇာတ ဖြစ်ရေဆီ ဦးတည် ပြီးတိုးမြင့်ဆောင်ရွက် နိုင်ပါတယ်။ ဒီဟဒိဆ်နဲ့ပတ်သက်ပြီး နောက်ထပ်ရှုထောင့်တစ်ခု ပြောချင်ပါတယ်။ တစ်ချို့ကဒါကိုကျဉ်းမြောင်းတဲ့အဓိပ္ပါယ် ဖွင့်ဆိုကြတယ်။ တမန်တော်မြတ် ရဲ့ကျင့်သုံးမှုအတိုင်း လိုက်နာတယ်ဆိုတဲ့နေရာမှာ တမန် တော်မြတ်ဝတ်သလို ၊ အာရဘ်အ၀တ်အစားဝတ်လိုက်တာ ၊ တမန်တော်မြတ်သုံးသလို သွားတိုက်တုတ်ချောင်းကို သုံးတာကိုပဲ တရားသေ မှတ်ယူကြတယ်။ တကယ်က တမန်တော်မြတ် ရဲ့ ကိုယ်ကျင့်တရား ၊စံပြနိတိတွေနဲ့ဆွဟာဗာ တွေရဲ့ ကျင့်သုံးလိုက်နာ ဆောင်ရွက် ချက်တွေကို ဆိုလိုတာပါ။ စံပြကိုယ်ကျင့်သီလတွေ အပေါ်မှာ အခြေခံခြင်းကသာ ဘာသာရေးအပေါ်မှာ သဘောထားကြီး စွာညှိုနှိုင်း ဆောင်ရွက်နိုင် မှာပါ။ မွတ်စလင်အကြားမှာ အဲဒီလို အရေးမကြီးတဲ့ ကိစ္စရပ်တွေ အပေါ်မှာ ညှိုနှိုင်းအဖြေရှာ ဖို့ဆိုရင် တမန် တော် မြတ်နဲ့ ဆွဟာဗဟ်တွေရဲ့ ဘ၀ကိုပြန်ပြောင်းကြည့်နိုင်ပါတယ်။

ဒါကိုသဘောပေါက်ဖို့ လိုအပ်တယ်။ တစ်ခါက ဆွဟာဗာတစ်ပါးက ဆွလာသ် မှာ အလ္လဟ် ကိုချီးမွမ်းတဲ့ တစ်ချို့စကားလုံးတွေကို အကျယ်ကြီးဖတ်တယ်။ ဒါကို တမန်တော်မြတ်က ကြားပေမဲ့ စိတ်လည်း မဆိုးဘူး။ အလားဖြစ်ရပ် ဟဇရသ် အုမရ်သခင်လက်ထက်မှာ ဖြစ်တော့ သရာဝီဟ် ဆွလာသ် မှာ ဒီလို မဖတ်ဖို့ ဟဇရသ်အုမရ် ကတားမြစ်တယ်။ တစ်နေ့မှာ ဟဇရသ် အုမရ် ဗလီကို လာတဲ့အခါ တခြား ဆွဟာဗာကြီး တွေ က သရာဝီဟ် ဖတ်ဖို့ လုပ်နေတာ တွေ့ရတယ်။ ဒါပေမယ့် ဟဇရသ် အုမရ်က လိုက်မဖတ် သလို သူတို့ကို အပြစ်လည်း မပြောဘူး။ ဒါတွေကိုကြည့်မယ်ဆိုရင် အထက်က ပြောခဲ့တဲ့ ဟဒီးဆ် ကေ ပြာနေ တာ က တမန်တော်မြတ် နဲ့ဆွဟာဗာ တွေရဲ့စံပြ ကိုယ်ကျင့် တရား သီလတွေကို ကျွန်တော်တို့ အတူယူဖို့ လို အပ် တယ် ။ ယုံကြည်ချက်နဲ့ မသက်ဆိုင်တဲ့ကိစ္စတွေ အပေါ်မှာ ကွဲပြားခြား နားတာတွေကိုလက်ခံနိုင်ရမယ်။ လို့ အလေး အနက် တိုက်တွန်းထားတာပဲ။ ဒါကပဲ အွမ္မသ် ညီညွတ်ရေး တိုးမြင့်နိုင်မယ့် နည်းလမ်းပါပဲ။

source FridayTime

ကျိုးကြောင်းစုံလင် မွတ်စလင် သတင်းစဉ်

www.muslimtime.wordpress.com

မှ ကူးပါသည်။

Posted in: Interview